MT News
Written By Thandar
ယောက်ကော်အဖေကြီး ထွက်တော်မူခြင်း (၁၁) နှစ်ပြည့် စတုဒိသာအလှူတော်ကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက် ရွှေသပြေလမ်းရှိ ယောက်ကော်အဖေကြီးစံအိမ်မှာ ကျင်းပခဲ့ပါတယ်။
(၁၁)နှစ်ပြည့် စတုဒိသာအလှူတော်ကိုတော့ မြန်မာ့ဇွဲကုမ္ပဏီနဲ့ စိန်ဌေးရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက စီစဥ်ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်။
“ဒီနေ့က ထူးထူးခြားခြားနေ့လေးပါ။ ၁ လပိုင်း ၂၁ ရက်နေ့လည်းဖြစ်တယ်။ ဆရာလေးအဖေကြီးကလည်း ဆရာလေးလက်ပေါ်မှာပဲ အဖေကြီးက ထွက်သွားတာပါ။ ၄၉ မိုင် ၆ ဖာလုံ နဂါးမောက်တောင်သွားခါနီးမှာ လူနာတင်ယာဉ်ကားပေါ်မှာပဲ ထွက်တော်မူတာပါ။ ဒီနေ့ကတော့ ၁၁ နှစ်ပြည့်ဆိုတော့ အဖေကြီးကို လွမ်းလည်းလွမ်းတယ်။ အရမ်းပဲ။ အဖေကြီးရဲ့ ကျေးဇူးတရားတွေနဲ့ ယောက်ကော်အဖေကြီးရဲ့ သမီး ယောက်ကော်ဆရာလေးဆိုတာအဖေကြီးရဲ့ အရိပ်ကြောင့် ဆရာလေးက ယောက်ကော်ဆရာလေးဖြစ်နေရတာပါ။ အဖေကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ်တိုင် အဖေကြီးကို ပင့်ပြီးတော့ ပွဲတွေနဲ့ ရှိခိုးကန်တော့ပါတယ်။ ဆရာလေးရဲ့ ကုသိုလ်ကောင်းမူအလုံးစုံကို အဖေကြီးနဲ့တကွ မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်တွေ သိကြ မြင်ကြ ကြားကြပါစေ။ အားလုံးလည်းအောင်မြင်ကြပါစေ။ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ”လို့ ယောက်ကော်ဆရာလေးက မိန့်တော်မူပါတယ်။
ဒီအခမ်းအနားမှာတော့ “သဘင်သည် မြနှင်းဆီ”ကို ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအဖြစ် ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ မင်းဆက်သစ် ၊ ယွန်းသဒ္ဒါအောင် ၊ အိရွှန်းမဒီ ၊ မတူး အပြင် စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက တာဝန်ရှိသူတွေ တက်ရောက်ပြီး တရားတော်နာယူ အမျှအတန်းပေးဝေခဲ့ပါတယ်။
စတုဒိသာအလှူအနေနဲ့ ဘဲဥဟင်း၊ ငါးနီတူခြောက်ကြော်၊ သစ်သီးစုံပဲဟင်း၊ ပင်ပွားကျောက်ကျောဖျော်ရည်တို့ကို လူဦးရေ အယောက် ၁၀၀၀ ကျော်အတွက် လှူဒါန်းကျွေးမွေးခဲ့ပါတယ်။




