၇.၄.၂၀၂၅
Written By Thandar
စာရေးဆရာမ ဒေါက်တာစိုးမြတ်နွယ်ရဲ့ ဒဏ်ရာရင့်ရင့် အယ်လ်ဘမ်အသစ်မိတ်ဆက်ပွဲ၊ ပဋိပက္ခပြေလည်အောင် ဖြေရှင်းခြင်းအမှတ် (၄) ဆုရသူများ ဂုဏ်ပြုပွဲနဲ့ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဧပြီ ၇ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Two Two Five Entertainment မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်မရဲ့ ငယ်ငယ်ကတည်းက အရမ်းရူးသွပ်ခဲ့တဲ့ အဆိုတော်ဘဝကို ပြန်ရချင်တာကြောင့်လည်းပါတယ်။ ကျွန်မရေးတဲ့ ကဗျာတွေကို အများနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ များတယ်။ အဲဒီ ကဗျာတွေကို အသက်သွင်းချင်တဲ့ အပိုင်းတွေရှိတယ်။ အဲဒီကဗျာတွေကို Melody ထည့်ပြီး သီချင်းဆိုလိုက်တဲ့အခါမှာ အသက်ဝင်ပြီး လူတွေ အများကြီးရဲ့ နှလုံးသားကို ထိရှနိုင်မယ်လို့ မျှော်လင့်လို့ ဒီတေးအယ်လ်ဘမ် အခွေလေးကို လုပ်ဖြစ်တာပါ။ ကျွန်မရဲ့ ငယ်ငယ်တုန်းက ဝါသနာပါတာက အဆိုတော်နဲ့ မင်းသမီးဖြစ်ချင်တာပါ။ စာရေးဖြစ်တာကလည်း သူများတွေကို ကူညီပေးရင်း လုပ်ဖြစ်သွားတာလည်း ပါတယ်။ ဒီအက်ဆေးပြိုင်ပွဲနဲ့ စာအုပ်တွေကို လုပ်ဖြစ်တာကလည်း လူငယ်တွေအနေနဲ့ ဒီစာအုပ်တွေကို ဖတ်ဖြစ်လို့ရှိရင် အကျိုးတစ်စုံတစ်ရာရမှာပဲဆိုပြီး လက်လွှတ်မခံဘဲ အားတင်းပြီး ဆက်လုပ်နေတာပါ”လို့ စာရေးဆရာမ ဒေါက်တာစိုးမြတ်နွယ်က ပြောပါတယ်။





အဆိုပါ ပဋိပက္ခပြေလည်အောင်ဖြေရှင်းခြင်း အမှတ် (၄) ဆုရသူများဂုဏ်ပြုပွဲနဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ငလျင်ဘေးသင့်ပြည်သူများအတွက် တစ်မိနစ် ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ အဲ့ဒီနောက် ဆရာ ရဲမင်းသိန်း၊ စာရေးဆရာ ဟိန်းလိတ်၊ စာရေးဆရာ သွေးသစ်၊ ဆရာ လှထွဏ်းအောင်၊ သိန်းလွင်တို့က မုဒိတာစကား ပြောကြားခဲ့ကြပြီး ပဋိပက္ခပြေလည်အောင်ဖြေရှင်းခြင်း စာပေဆုပြိုင်ပွဲ ပထမဆုရရှိသူ ခိုင်မိတ္ထီလာက ဆုရသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနဲ့ နှစ်သိမ့်ဆုရသူတွေကို ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒေါက်တာစိုးမြတ်နွယ်ရဲ့ ခွေကို တေးရေး စိုးမြတ်နွယ်၊ ချစ်နိုင်၊ ဟိန်းထက်ရေးသားပြီးတော့ Featuring အနေနဲ့ ချစ်နိုင်၊ ဟိန်းထက်တို့က သီဆိုထားပါတယ်။ ဒီခွေကို Storm Area Band ၊ The Sweetest Band က တီးခတ်ပေးထားပြီး Mixing & Mastering ကိုကျော်ကြီး၊ Banya၊ ထူးစံက တာဝန်ယူ ဆောင်ရွက်ပေးထားတာပါ။
ဒဏ်ရာရင့်ရင့်တေးအယ်လ်ဘမ်ရဲ့ စစ်ဘေးရှောင်များအတွက် ရေးသားထားတဲ့ တေးသီချင်း၊ အများအကျိုးပြု တေးသီချင်း၊ ငြိမ်းချမ်းရေး၊ တေးသီချင်း ၁၃ ပုဒ်ပါဝင်ပြီး ယခုလအတွင်း Agga Music Production က ဖြန့်ချိမှာဖြစ်ပါတယ်။
