
MT News
၇.၄. ၂၀၂၅
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ကျောက်ဆည်မြို့ရှိ ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်သေတ္တာအမည်ရှိ ကျောက်တုံးကြီး ပြုတ်ကျမည့် အခြေအနေဖြစ်ပေါ်လျက်ရှိပြီး တောင်ခြေအနီးတစ်ဝိုက် တွင်နေထိုင်ကြသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်စေနိုင်သည့်အတွက် ဘေးလွတ်ရာတွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ရွှေ့ပြောင်းပေးခဲ့သည်။
ထိုသို့ ရွှေ့ပြောင်းပေးခဲ့ရာ စုကြီးရပ်ကွက်တွင် အိမ်ခြေ ၅၆ အိမ်၊ အိမ်ထောင်စု ၆၇ စု စုစုပေါင်း လူဦးရေ ၁၃၉ ဦးရှိပြီး ဝေဘူချောင်ရှိ ဆွမ်းလောင်းမဏ္ဍပ်များနှင့် ဇရပ်များသို့ အိမ်ခြေ ၉ အိမ်၊ အိမ်ထောင်စု ၁၀ စု စုစုပေါင်းလူဦးရေ ၃၃ ဦး ပြောင်းရွှေ့နေထိုင်ကြကာ ကျန်ရှိသူများက ၎င်းတို့၏ ဆွေမျိုးများထံသို့ ရွှေ့ပြောင်းနေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ရှိ ကျောက်သေတ္တာကို ဖြိုချဖျက်ဆီးရန် ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့က ယမန်နေ့တွင် ကျောက်မိုင်းခွဲရန်အတွက် လွန်ဖောက်ခြင်းဆောင်ရွက်ခဲ့ကြပြီး ယင်းလွန်ဖောက်ခြင်း ပြီးဆုံးမှသာ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
