◾️ စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုများအား အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန်ပါ မှာကြား





၆. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့်နေရာများအားလုံး မျှမျှတတရရှိစေရေး ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့သည်။
ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့်နေရာများအားလုံး မျှမျှတတရရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်းတံတားနေရာများအား လတ်တလော သွားလာနိုင်ရန်အတွက် ယာယီပြင်ဆင်မှုများ ဆောင်ရွက်ထားရှိမှုများကို အပိုင်းလိုက်စနစ်တကျဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ဆက်လက်ပြင်ဆင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများတွင် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ ရှိမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက်လည်း လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို တတ်နိုင်သရွေ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယခင်ကထက် ပိုမိုကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်သည့်မြို့အဖြစ် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌ၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် မြတ်ကိုယ်ပိုင် အထက်တန်းကျောင်းအတွင်း အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကို သွားရောက်စစ်ဆေးခဲ့သလို စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွာရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသပေးနေမှုနှင့် အဆောက်အဦအတွင်း ၆ ရက်ကြာပိတ်မိခဲ့ပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သူ ကျောင်းဆရာတစ်ဦးအပါအဝင် လူနာများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အသင်္ခယာရိပ်သာသို့ ရောက်ရှိကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ ထိခိုက်ပျက်စီးမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ကာ စစ်ကိုင်းမြို့မှ လုပ်အားပေးလာရောက်ကြသည့် စေတနာ့ဝန်ထမ်း ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ထို့အတူ စကုမှော်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေများကို ကြည့်ရှု့စစ်ဆေးပြီးနောက် စကုမှော်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုအခြေအနေများကို ကြည့်ရှုပြီး အမြန်ဆုံးပြန်လည် ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ရေးတာဝန်ရှိသူများကို မှာကြားခဲ့သည်။
ယင်းနောက် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀) ပြည့်အားကစားကွင်း၌ အခြေပြု၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံရာ အဖွဲ့ခေါင်းဆောင် Mr. Hasizul က ရှင်းတင်ပြခဲ့ပြီးနောက် SAC ဥက္ကဋ္ဌက မလေးရှားနိုင်ငံမှ ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်များ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းကိုပေးအပ်ခဲ့သည်။
အလားတူ လေးကျွန်းမြေအုဌ်ကျောင်း၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်များ အဆောက်အဦများ ပျက်စီးနေမှုများကို စစ်ဆေးခဲ့ပြီး သာသနိကအဆောက်အဦများအား မူလလက်ရာမပြတ် ခိုင်ခံ့စွာဖြင့် ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများအား အဆင့်အလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့အတူ SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သီတဂူဝိပဿနာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကာ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၅၀၀ နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။