MT News
၄. ၄. ၂၀၂၅
မကြာသေးမီက မြန်မာနိုင်ငံ၌ ၇ ဒသမ ၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ငလျင်ဒဏ်သင့်ဒေသ၏ အရေးပေါ်လိုအပ်ချက်အတွက် သွားရောက်ကူညီပေးရန် တန်ချိန် ၂၀ ကျော်ရှိသည့် အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများအား အမြန်ဆုံး ညှိနှိုင်းစုဆောင်းခဲ့ကြောင်း ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ယခုအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် အစားအစာ၊ သောက်သုံးရေ၊ ဆေးကုသရေးအထုပ်နှင့် ယာယီနေထိုင်ရန်ပစ္စည်းများ စသည်တို့ပါဝင်ပြီး တချို့တစ်ဝက်သည် လူ့အဖွဲ့အစည်းမှ စေတနာရှင်များ လှူဒါန်းခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါပစ္စည်းများကို ဟောင်ကောင်ဒေသအခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ထံ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကာ မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားပြီးဖြစ်သည်။



တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရစီမံအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ချန်ကော်ကျီးက ထိုနေ့တွင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားအား တက်ရောက်စဉ် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်မှုအတွက် ကူညီရေးလုပ်ငန်းများကို အစွမ်းကုန်အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများသည် မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသအပေါ် ပံ့ပိုးအားပေးမှုနှင့် ဆုမွန်ကောင်းတောင်းပေးမှုများကို သယ်ဆောင်ထားကြောင်း၊ ဒေသခံပြည်သူများက အခက်အခဲကို ကျော်ဖြတ်၍ ပုံမှန်နေ့စဉ်ဘဝ ပြန်လည်ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ အုပ်ချုပ်ရေးမှူး လီကျားချောင်းသည် ဟောင်ကောင်ဒေသအခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် တွေ့ဆုံခဲ့ပြီး နှစ်သိမ့်အားပေးကြောင်း စာလွှာပေးအပ်ခဲ့သည်။
လီကျားချောင်းက တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့သည် မကြာသေးမီက တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ အသက်ရှင်ကျန်ရစ်သူတစ်ဦးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ရာ အားတက်ဖွယ်ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့သည် ဆက်လက်အချိန်လု၍ ငလျင်ဒဏ်သင့်ဒေသ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဟောင်ကောင်ဒေသအခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်က လီကျားချောင်းထံသို့ ဟောင်ကောင်ဒေသရှိ မြန်မာအဖွဲ့အစည်းများ၏ ကျေးဇူးတင်ကြောင်း စာလွှာကို ပေးအပ်ခဲ့ပြီး ပံ့ပိုးကူညီမှုလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် မကြာသေးမီကတည်းက သဘာဝဘေး ကယ်ဆယ်ရေး ရန်ပုံငွေ ယန္တရားကိုစတင်ခဲ့ပြီး ဟောင်ကောင်ဒေသတွင်းရှိ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများစွာနှင့် အနီးကပ်ချိတ်ဆက်ကာ အဖွဲ့အစည်း ၇ ခု၏ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ သန်း ၃၀ အသုံးပြုရန် လျှောက်ထားမှုကို မူအားဖြင့် ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
Ref & Photo , Xinhua
