◾️ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေး အတွေ့အကြုံများ မျှဝေပေးစေလိုကြောင်း SAC ဥက္ကဋ္ဌ ပြောကြား
၄. ၄. ၂၀၂၅
Written by Nyein Kyaw
ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ယနေ့ တွေဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လက်နက်မှောင်ခိုမှုများ ပပျောက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ဆွေးနွေးစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရများကို မိမိနှင့် အိန္ဒိယပြည်သူတို့က များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ မိမိတို့ ဂူဂျာရက်ပြည်နယ်မှာလည်း ယခင်က ယခုလိုပြင်ထန်သည့် ငလျင်ကို ထိခိုက်ခံစားခဲ့ရဖူးကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့်အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုဘင်းမ်စတက်အစည်းအဝေးတွင် မိမိအနေဖြင့် သဘာဝဘေးဒဏ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုလို အဆွေတော်နှင့် ထပ်မံတွေ့ဆုံမှုကိုလည်း ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌက ယခုကဲ့သို့ မိမိနိုင်ငံတွင် ပြင်ထန်ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအပေါ် အဆွေတော်နှင့် အိန္ဒိယပြည်သူများက အကူအညီများပေးအပ်မှုအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍လည်း အတွေ့အကြုံများကို မျှဝေပေးစေလိုပါကြောင်း၊ အဆွေတော်အနေဖြင့် ဘင်းမ်စတက်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမယ်လို့ သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်များ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သယာဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အလေးထားမှုအခြေ အနေများ၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားမဝင်လူကုန်ကူးမှုများနှင့် လက်နက်မှောင်ခိုမှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျောက်လှမ်းလျက်ရှိမှုနှင့် ယခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
