၄.၄.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိတဲ့ တောင်အာရှနိုင်ငံများအသင်း (BIMSTEC-ဘင်းမ်စတက်) ရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မှုအတွက် သဘောတူ လက်မှတ်ထိုးခဲ့ကြပြီး နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနဲ့ ဆက်စပ်ပေးမယ့် အဓိကအခြေခံအဆောက်အအုံစီမံကိန်းတစ်ခု အရှိန်ရစေရေးအတွက်လည်း သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံစလုံးက တောင်အာရှနဲ့ အရှေ့တောင်အာရှအကြား ဆက်စပ်မှုမြှင့်တင်ရေးအတွက် အဓိက ကဏ္ဍတွေကို ဆောင်ရွက်သွားကြဖို့လည်း သဘောတူခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့အစိုးရရုံးမှာတွေ့ဆုံ ဆွေးနွေးအပြီးမှာ ထိုင်းဝန်ကြီးချုပ် ပေတုံတန်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေကနေ ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ကီလိုမီတာ ၁၃၀၀ ခန့်ရှည်တဲ့ အဝေးပြေးလမ်းကို မြန်မာနိုင်ငံကို ဖြတ်ပြီးဖောက်လုပ်ဖို့နှစ်နိုင်ငံစလုံးက ရည်ရွယ်ထားပါတယ်။
ဒါ့ပြင် ထိုင်းနိုင်ငံက ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်အဖြစ် ဆက်စပ်ပေးမယ့် ကုန်းတံတားစီမံကိန်းကိုလည်း အကောင်အထည်ဖော်ဖို့ရှိတယ်လို့ ဝန်ကြီးချုပ် ပေတုံတန်က ပြောခဲ့ပါသေးတယ်။ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုမြှင့်တင်စေနိုင်ဖို့ ထိုင်း နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းတို့နဲ့ အိန္ဒိယအစိုးရရဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘော တူညီချက်တွေကိုပြင်ဆင်ဖို့လည်း ထိုင်းအစိုးရအဖွဲ့က အဆိုပြုခဲ့တယ်ဆိုတာ ပေတုံတန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မစ္စတာမိုဒီရဲ့ ထိုင်းနိုင်ငံခရီးစဉ်က ၁၂ နှစ်တာကာလအတွင်း အိန္ဒိယခေါင်းဆောင်တစ်ဦးရဲ့ ထိုင်းနိုင်ငံကို ပထမဆုံးတရားဝင်ခရီးလည်း ဖြစ်ပါတယ်။
ဘင်းမ်စတက်ထိပ်သီးဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ကျင်းပခဲ့ရာမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့အတူ မြန်မာ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက ခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဟာ မပြီးဆုံးသေးတဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ရရှိရေးကိုလည်း လုပ်ဆောင်နေပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေတုံတန်က မြန်မာဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့်ငလျင်ကြောင့် သက်ရောက်မှုနဲ့ ထိုင်းနိုင်ငံက လူသားချင်းစာနာမှု ထောက်ပံ့နိုင်ရေးတို့ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
Ref- Bangkok Post
