◾️ ငလျင်ဘေးကြောင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို သိရှိရန်အတွက် ထိုင်းနှင့်မလေးရှား နိုင်ငံခြားရေးဝန်ကြီးများ မကြာမီလာရောက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
၄. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာနှင့် ယနေ့ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင် တွေ့ဆုံ၍ တရားမဝင်လက်နက်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ကျားဖြန့်လုပ်ငန်းများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးစဉ် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့မှုများအပေါ် မိမိနှင့် ထိုင်းနိုင်ငံပြည်သူများအနေဖြင့် ထပ်တူဝမ်းနည်းရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ လိုအပ်သည့်အခြေအနေများကို သိရှိနိုင်ရန်အတွက် မိမိတို့နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အကူအညီများကို မိမိတို့နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌက ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခဲ့မှုများနှင့် ပတ်သက်ပြီး အဆွေတော်နှင့် အဆွေတော်တို့ပြည်သူများအနေဖြင့် ဝမ်းနည်းကြောင်း ပြောကြားပေးမှုများနှင့် လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးမှုများကို မိမိတို့အနေဖြင့် ထိုင်းနိုင်ငံပြည်သူများအား များစွာကျေးဇူးတင်ကြောင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်လည်း ထိခိုက်မှုဖြစ်ပွားခဲ့ခြင်းကိုလည်း သိရှိရကြောင်း၊ အဆိုပါထိခိုက်မှုအတွင်း မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှုအပေါ်လည်း စိတ်မကောင်းဖြစ်ရကြောင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ လာရောက်ပြီး အကူအညီပေးနိုင်ရေး လိုအပ်ချက်များကို ကြည့်ရှု့မည်ဆိုခြင်းကိုလည်း ကြိုဆိုပါကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက် ရောင်းဝယ်မှုများ ပပျောက်ရေးတို့အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ထို့ပြင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသွားမည့်အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် တခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
