
၃၀.၃.၂၀၂၅
Written By Zun
နေပြည်တော် သပြေကုန်းရုပ်ရှင်ရုံအနီးတွင် နာရီပေါင်း ၄၀ ကျော်ကြာ ပိတ်မိနေသည့် အသက် အစိတ်အရွယ်လူငယ်တစ်ဦးအား စင်ကာပူပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက်က အသက်ရှင်လျက် ရှာဖွေ တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းမှာ မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းအတွင်း အဆောက်အဦပြိုကျကာ ပိတ်မိနေသူ ဖြစ်ကြောင်း၊ ယနေ့ မတ်လ ၃၀ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ပိတ်မိနေသူအား အသက်ရှင်လျက်ရှိနေကြောင်း သိရ၍ ကယ်ထုတ်နိုင်ရေး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက စင်ကာပူနိုင်ငံမှ (SCDF) တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“အချိန်က ၄၄ နာရီလောက် ကြာပြီလေ။ ကြောက်လန့်နေတာပေါ့။ စိတ်ပိုင်းဆိုင်ရာတွေ အများကြီး ကုစားရပါဦးမယ်”ဟု ကယ်ဆယ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့ဝင်က MT News ကို ပြောသည်။
ယခုအခါ အဆိုပါ အသက်ရှင်လျက် ကယ်ဆယ်နိုင်သည့် လူငယ်အား ကုတင် (၁၀၀၀) ဆေးရုံ သို့ ဆက်လက်ပို့ဆောင်ထားကြောင်းလည်း သိရသည်။