
၁၉. ၃. ၂၀၂၅
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံလျာထားခဲ့ရာ ဘဏ္ဍာနှစ် ၁၁ လကျော်အထိ ဒေါ်လာ ၂၆ ဘီလျံခန့် (လျာထားချက်၏ ၇၈ ရာခိုင်နှုန်း) သာ ဆောင်ရွက်နိုင်၍ အတတ်နိုင်ဆုံး ကုန်သွယ်မှုလျာထားချက် ပြည့်မီအောင် ဆောင် ရွက်ရန် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ယမန့်နေ့တွင် ပြုလုပ်သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည်။
၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံ သတ်မှတ်လျာထားရာ ၂၀၂၅ ခုနှစ် မတ် ၁၂ ရက်အထိ စာရင်းများအရ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၇၉၃ ဘီလျံဖြင့် ၇၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးပြီဖြစ်၍ သတ်မှတ်လျာထားချက်များကို အတတ်နိုင်ဆုံး ပြည့်မီအောင်ဆောင်ရွက်နိုင်ရန်နှင့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များက အမြဲထိတွေ့ပေါင်းစပ်ဆောင်ရွက်ရန် ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
ကဏ္ဍအလိုက် လုပ်ငန်းစီမံချက် -Plan of Action များကို အကောင်အထည်ဖော်ရာတွင် ရေတိုအကျိုးရလဒ် – Quick Win ရရှိမည့် လုပ်ငန်းစဉ်များကို ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထားမှုများကို ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကာလပြီးစီးသွားပါက ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းစီမံချက်များအပေါ် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိသော ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံချက်များကို ဖော်ထုတ်ထားကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းစီမံချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ – ၂၀၃၀)ကို ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည်ဖြစ် ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။