
◾ လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန်ပါ အသိပေး
MT News
၁၉.၃. ၂၀၂၅
ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်လျက်ရှိသော နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ယနေ့ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံး အနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကိုလေးစား လိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်သည်။
စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို ခိုင်မာတောင့်တင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကိုဖြစ်ထွန်းစေသည်။ မျက်မှောက်ကာလ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုကြည့်ပါက စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာတည်ဆောက်ထားကြသည်ကိုတွေ့ရှိနိုင်သည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဟူသော စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ဖြစ်သည်။ သို့သော်လည်း မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ တည်ဆောက်ရေးကိုမလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရသဖြင့် တည်ငြိမ်အေးချမ်းမှုအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဆဲ ဖြစ်နေပါသည်။
ယနေ့ ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင် မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြား ရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နယ်မြေဒေသ အသီးသီးတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အခြေခံ အဆောက်အအုံများနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခ ရောက်နေကြရသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသော ပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှ ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သင်ခန်းစာယူကြရန် အချိန်အခါကျရောက်နေပြီဖြစ်ကြောင်း အသိပေးလိုသည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယနေ့ လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးမှာကြားလိုပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော်ကိုဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှု ရှိသော၊ အထွေထွေရွေး ကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးကို သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်လျက်ရှိသော နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ပစ္စုပ္ပန်ကာလ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးတို့၏ ပကတိလိုအပ်ချက်မှာ ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘဝဖွံ့ဖြိုး တိုးတက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်များ အချိန်တိုအတွင်းတွင် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုသည်ဟုလည်း SAC ဥက္ကဋ္ဌက တိုက်တွန်းထားသည်။