
◾ ကြို့ပင်ကောက် PDFအဖွဲ့၏ စွပ်စွဲ သတ်ဖြတ်မှုမှားယွင်းကြောင်း PDF တို့၏ ထပ်မံသတ်ဖြတ်ခံရမည့် နန်းဝတီရွှေဆိုင်ပိုင်ရှင် ခင်ပွန်းဖြစ်သူက လူမှုကွန်ရက်တွင် ဖြေရှင်း

၁၃. ၃. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် နန်းဝတီ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကို ကြို့ပင်ကောက် PDF အဖွဲ့က သေနတ်ဖြင့် နားထင်တေ့၍ စျေးလယ်ခေါင်တွင် ယမန်နေ့က သတ်ဖြတ်လိုက်ကြသည်။
ရက်စက်စွာ သတ်ဖြတ်လိုက်မှု ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းက ကြို့ပင်ကောက်မြို့၊ မြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် “နန်းဝတီ” ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နန်းဝတီရွှေဆိုင်ပိုင်ရှင် ကိုလင်းလင်းထိုက်နှင့် မခင်သီရိလွင်တို့ ဇနီးမောင်နှံကို ပျူစောထီး၊ ရွှေဆိုင်၊ ပဲ၊ ရောင်းဝယ်ရေးလုပ်ငန်းရှင်ဟုဆိုကာ လာသတ်ကြသည့် BTZM GBK PDF အဖွဲ့က ကိုလင်းလင်းထိုက်ကို မတွေ့သဖြင့် မသတ်သွားဘဲ ဆိုင်တွင်ရှိနေသည့် မခင်သီရိလွင်ကို သီရိစံဟု အမည်လွဲတပ်ကာ ပထမဦးစွာ ရင်ဘတ်ကိုပစ်ပြီးနောက် နားထင်ကို သေနတ်ဖြင့်တေ့ကာ အသေ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ရက်စက်ရိုင်းစိုင်းသော သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် NUG ဩဇာခံ ကြို့ပင်ကောက် PDF အဖွဲ့က နန်းဝတီရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံမှာ ပြည်သူများအပ်နှံထားသော စပါးနှင့်ပဲများကို အလွဲသုံးစားလုပ်ကာ လာရောက်တောင်းယူသူများအား ဖမ်းဆီးခိုင်းခြင်းကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူကိုလည်း ထပ်သတ်မည်ဖြစ်ကြောင်း ဝန်ခံချက် ထုတ်ပြန် ခြိမ်းခြောက်ခဲ့သည်။

ထိုသို့ ရက်စက်စွာသတ်ဖြတ်မှု ကျုးလွန်သည့် ကြို့ပင်ကောက် PDF အဖွဲ့၏ အမျိုးသမီးတစ်ဦးအပေါ် အောက်တန်းကျစွာ သတ်ဖြတ်မှု မှားယွင်းကြောင်း ၎င်းတို့သည် ရွှေဆိုင်သာဖွင့်ထားခြင်းဖြစ်ပြီး ကြို့ပင်ကောက် PDF များ စွပ်စွဲသလို ပျူစောထီးမဟုတ်ပြောင်း၊ စပါးပဲရောင်း၀ယ်ခြင်းမပြုလုပ်ကြောင်း၊ PDF တို့၏ ထပ်မံသတ်ဖြတ်ခံရမည့် အမျိုးသားဖြစ်သူက လူမှုကွန်ရက်တွင်”မရေးချင်ပါဘူး။ မဖြေရှင်းချင်ပါဘူး။ ဒါပေမဲ့ ရှင်ပြုမဲ့ မောင်ရင်လောင်းတစ်ယောက်ရဲ့ မိခင်တစ်ယောက်လုံး ရက်ရက်စက်စက် အသတ်ခံရတဲ့အပြင် ငါ့စကားနွားရ သွားပုပ်လေလွင့်တွေပြောပြီး မဟုတ်မတရားစွပ်စွဲချက်တွေနဲ့ပါ သေသွားသူတစ်ယောက်အပေါ် နာမည်ဖျက်နေကြတဲ့ မီဒီယာအပေါင်းနဲ့ GBK PDF ဆိုတဲ့ဟာတွေသိဖို့ ပြောပါရစေ။ ဒီလိုပြောလို့လည်း မင်းတို့လာသတ်မှာကြောက်လို့ သွေးကြောင်ပြီး တောင်းပန်နေတာ
မဟုတ်ပါဘူး။ မင်းတို့ကို ဓားပြတိုက်တယ်လို့ ပြည်သူတွေအထင်မလွဲအောင် မဝေဝါးရအောင် ငါ ကိုလင်း ကပဲ ဖြေရှင်းပေးပါ့မယ်။ ဟုတ်ပါတယ်။ မင်းတို့ ငါ့ဆိုင်ထဲက အပ်တိုတစ်ချေင်းတောင်မယူသွားခဲ့ပါဘူး။ အမှန်ပါပဲ။ ဒါပေမဲ့ မင်းတို့ပြောတဲ့ ပျူစောထီးလင်မယားတို့ လယ်သမားတွေဆီက စပါးတွေကို အလွဲသုံးစားလုပ်တယ်တို့ မတရားလုပ်တယ်တို့ဆိုတာတွေ တစ်ခုမှမဟုတ်သလို မင်းတို့ စိတ်ထင်တိုင်း မစဉ်းစားဘဲသတ်သွားတဲ့သူက မခင်သီရိလွင်ပါ။ မသီရိစံ လည်းမဟုတ်ပါဘူး။ ငါတို့တွေ ဒီအခြေအနေရောက်ဖို့ ဒီလို လှူနိုင်တန်းနိုင်ဖို့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အပူစာ တစ်ခုမှမပါပဲ မျက်ရည်စာမပါပဲ ငါတို့ နဖူးကချွေး ခြေမ ကျလောက်အောင် ရှာထားတဲ့ ချွေးနည်းစာနဲ့ ငါတို့သားလေးကို ရှင်ပြုဖို့ကြိုးစားရင်း ရှင်ပြုပွဲအထမြောက်ဖို့ ၃ ရက်အလိုမှာ မင်းတို့ ရက်ရက်စက်စက်သတ်သွားခဲ့တာ။ ငါတို့လင်မယားမှာ နန်းဝတီရွှေဆိုင် လုပ်ငန်းကလွဲလို့ တခြား မင်းတို့ပြောတဲ့ ပဲ၊ စပါး ဘာညာဆိုတာ တစ်တင်း၊ တစ်တောင်းမရှိပါဘူး။ မင်းတို့ထပ်လာသတ်မှာကြောက်လို့ လေပြေသွေးနေတာလည်း မဟုတ်ဘူး။ ကြိုက်သလို လုပ်လို့ရတယ်။ဒါပေမဲ့ မင်းတို့အနေနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သေချာအောင်တော့ လေ့လာသုံးသပ်ကြပေါ့ကွာ။ ငါတို့လင်မယားနဲ့ပတ်သက်လို့လည်း တိကျသေချာအောင် ထပ်လေ့လာပြီး မင်းတို့လိပ်ပြာ မင်းတို့သန့်နိုင်ကြပါစေ၊ လုံနိုင်ကြပါစေ။ငါတို့လိုဘဝမျိုး အပြစ်မဲ့ပြည်သူတွေမဖြစ်စေချင်လို့ပါ။ မင်တို့ထင်မြင်ယူဆချက်တွေ သတင်းတွေက လုံးဝကိုပြောင်းပြန်တွေ၊ အမှားတွေပါ။မင်းတို့မှန်တယ်ထင်လည်း လာသတ်လှည့်ပါ။ အချိန်မရွေးပါဘဲ။ မင်းတို့ မှားခဲ့လည်း ငါ့မိန်းမအသက်ကတော့ ပြန်မရနိုင်တော့ပါဘူး။ ဒါပေမဲ့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အတွက် အထွတ်အမြတ်ထားရာ သားရှင်ပြုပွဲမှာ သင်္ကန်းမပိုက်ရတဲ့အပြင် အခုလို အပုပ်ချပြောဆိုခံနေရတာ ငါ့မိန်းမအတွက် စိတ်မကောင်းလွန်းလို့မခံစားနိုင်လို့ပါ”ဟု ဖြေရှင်းထားပြီး PDF တို့ မှားယွင်းသတ်ဖြတ်မည့် ၎င်းတို့ဇနီးမောင်နှံမှာ မတ်လ ၁၅ ရက်တွင် ကျင်းပမည့် သားဖြစ်သူ၏ ရှင်ပြုအလှူပွဲ ဒါယကာ၊ အလှူ့ဒါယိကာမ ဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။