



၁၃. ၃. ၂၀၂၅
Written by Thettant
ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ပျောက်ဆုံးသွားတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နေ အသက် ၁၃ နှစ်အရွယ် မောင်အောင်ခန့်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် မောင်ပြည့်စုံကျော်တို့ ဝမ်းကွဲ ညီအကို နှစ်ဦးကို မတ်လ ၁၀ ရက်မှာ သေဆုံးလျက် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် မနေ့က ကလေး ၂ ဦးရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
ပျောက်ဆုံး ကလေးငယ်နှစ်ဦးဟာ တရားခံ ၄ ဦးရဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ခံခဲ့ရပြီးနောက် ကလေးတွေနဲ့ သိကျွမ်းတဲ့ တရားခံထံမှာ ကလေးငယ်တစ်ဦးရဲ့ ဖုန်းကို တွေ့ရှိခဲ့ရာက တရားခံ ၃ ဦး ကို ကွင်းဆက်နဲ့ ဖမ်းမိပြီး ပြစ်မှုကို ဝန်ခံထွက်ဆိုခဲ့ပေမဲ့ ကျန် ၁ ဦးက ထွက်ပြေးလွတ်မြောက်နေတယ်လို့လည်း Center for Missing & Orphaned Children of Myanmar က သိရှိရပြီး
ဥပဒေပိုင်းမှာ တာဝန်ရှိသူတွေ အနေနဲ့ စုံစမ်းစစ်ဆေးမှုကို တိကျမှန်ကန် လျင်မြန်စွာပြုလုပ်ပြီး ပြစ်မှုထင်ရှားတဲ့ တရားခံတွေ ရက်စက်ကြီးလေးတဲ့ ကလေးသူငယ် သတ်ဖြတ်မှုနဲ့ ကိုက်ညီတဲ့ အပြင်းထန်ဆုံးသော ပြစ်ဒဏ် ချမှတ်ပါလို့လည်း လေးလေးနက်နက် တိုက်တွန်းထားပါတယ်။
” လပြည့် မောင်လေးက သုံးလပိုင်း ၂ ရက်နေ့ ညနေတည်းက ပျောက်နေခဲ့ပြီးတော့ မနေ့က ၁၀ ရက်နေ့မှသတ်ခဲ့ကောင်တွေကိုယ်တိုင်က ၀န်ခံခဲ့လို့ အသက်မပါတော့တဲ့ ကလေးအလောင်းကို ပြန်တွေ့ခဲ့ရတယ်။ သတ်တဲ့သူတွေက မောင်လေးနဲ့ အသိတွေပါပဲ။ ပျောက်တဲ့နေ့က သူတို့အိမ်မှာ ကလေးဖုန်းကိုတွေ့လို့ ရဲတွေစစ်နေခဲ့ပေမယ့် ၀န်မခံဘဲ နောက်ဆုံး ရိုက်စစ်တော့မှ ၀န်ခံခဲ့တာပါ။ ပြန်မခုခံနိုင်တဲ့ ကလေးလေးနှစ်ယောက်ကို လူ ၄ ယောက်ပေါင်းပြီး သတ်ခဲ့ကြတယ်တဲ့လေ။ သူတို့က ၂ ရက်နေ့တည်းက သတ်ပြီးပစ်ထားခဲ့တာမို့ ရက်ကြာသွားတာရော၊ လက်တွေခြေထောက်တွေရိုက်ချိုးခံထားရတာရောမို့ ရုပ်တောင်မမှတ်မိနိုင်လောက်အောင်ဖြစ်နေခဲ့တာ။ ၀တ်ထားတဲ့အ၀တ်စားလေးတွေကြောင့်သာ မောင်လေးအလောင်းဆိုတာ လက်မခံချင်ဘဲ လက်ခံခဲ့ရတာ။ မောင်လေးနဲ့အတူပါသွားတဲ့ ၁၀ နှစ်ကလေးလေးဆို ခေါင်းတောင်ပါမလာတော့သလိုခြေတွေလက်တွေတောင် မစုံတော့ပါဘူး။ လပြည့်မောင်လေးကတော့ အပြည့်အစုံပါနေသေးပေမယ့် ပါတယ်ဆိုရုံလေးပဲမို့ ရက်ကြာသွားလို့ ကလေးအလောင်းက ကိုင်ဖို့တောင်အဆင်မပြေတာမို့ ဆေးရုံကအလောင်းတောင် အိမ်ပြန်သယ်လို့မရခဲ့ဘူး။ အလောင်းမှန်မမှန် စစ်ဆေးရုံလေးပဲ တွေ့ခဲ့ရတယ်တဲ့။ သင်္ဂြိုဟ်တဲ့ချိန်မှပဲ ဆေးရုံကနေထုတ်လို့ရခဲ့တာပါ။ လပြည့်ဆို မောင်လေးမျက်နှာကိုမြင်ခွင်တောင်မရခဲ့ပါဘူး။ ကလေးလေးနောက်ဆုံးချိန်မှာ ဘယ်လောက်တောင် ကြောက်လန့်ပြီး ငိုနေရှာခဲ့မလဲ တွေးရုံနဲ့တင်ရူးတော့မလိုဘဲမို့ ဒီနေ့ပြီးရင် ဒီအဖြစ်အပျက်တွေကိုထပ်လည်း မပြောပြချင်တော့တာမို့ မက်ဆင်ဂျာမှာ ဘယ်သူကိုမှ ဒီအကြောင်းနဲ့ပတ်သက်ပြီးစာမပြန်တော့ပါဘူးနော်” လို့ သေဆုံးကလေးငယ်နှစ်ဦးရဲ့ အမဝမ်းကွဲတော်စပ်သူ မလပြည့်ဝန်းက လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
Ref & Photo – CMOCM