
၁၃.၃.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက သူ့ရဲ့အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲမှာ သေဆုံးခဲ့ရမှုတွေအတွက် သူ့အနေနဲ့ တာဝန်ရှိပါတယ်လို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှု တရားရုံး (အိုင်စီစီ) မှာ တရားရင်ဆိုင်ဖို့ နယ်သာလန်နိုင်ငံကို အရောက်မှာ ပြောခဲ့ပါတယ်။
သမ္မတဟောင်းဒူတာတေးကို သယ်ဆောင်လာတဲ့ စင်းလုံးငှားလေယာဉ်က မတ်လ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ရောက်ရှိလာပြီးတဲ့နောက် ခုလို ပြောကြားခဲ့တာပါ။ အိုင်စီစီက သူ့ရဲ့မူးယစ်ဆေးဝါးစစ်ပွဲမှာ မသက်ဆိုင်သူတွေ သေဆုံးခဲ့ရတယ်ဆိုပြီး လူသားမျိုးနွယ်တွေကို သတ်ဖြတ်မှု စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

လေယာဉ်က ရော်တာဒန်မြို့လေဆိပ်သို့ မဆင်းသက်မီလေးမှာဘဲ ဒူတာတေးက လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယို ကြေညာချက်ထုတ်ခဲ့ရာမှာ “မူးယစ်ဆေးဝါးကာလမှာ ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးတပ်ဖွဲ့တွေနဲ့ ဖိလစ်ပိုင်စစ်တပ်ကို တစ်ဦးတည်းသော ဦးဆောင်သူက ကျွန်တော်ပါ။ ဒီတော့ ကျွန်တော်က ဖြစ်ခဲ့ရတာအားလုံးအတွက် တာဝန်ယူပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒူတာတေးကို သယ်ဆောင်လာတဲ့ကားက သည်ဟိဂ်မြို့ရှိ အိုင်စီစီ အကျဉ်းစခန်းကို မောင်းနှင်လာတဲ့ အချိန်မှာပဲ ဒူတာတေးကို ထောက်ခံသူတွေအများအပြားကလည်း ‘သူ့ကို ပြန်ပို့ပေးပါ’ လို့ ဖိလစ်ပိုင် အလံကို ဝှေ့ရမ်းရင်း ကြွေးကြော် အော်ဟစ်နေကြတာ တွေ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ တစ်ချိန်က မဟာမိတ်တွေဖြစ်ခဲ့ကြတဲ့ သမ္မတ ဖာဒီနန်မားကို့စ်နဲ့ ဒူတာတေးတို့ မိသားစုတွေဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဒူတာတေးရဲ့သမီး ဆာရာဒူတာတေးက လက်ရှိသမ္မတ မားကို့စ်ရဲ့ ပြိုင်ဘက်ဖြစ်လာပြီးတဲ့နောက် ဆက်ဆံရေးတင်းမာလာခဲ့ကြတာပါ။
ဒုတိယသမ္မတဖြစ်တဲ့ ဆာရာ ဒူတာတေး ဟာလည်း လက်ရှိမှာ လာဘ်စားမှုနဲ့သမ္မတမားကို့စ်ကိုလုပ်ကြံဖို့ လျှို့ဝှက်ကြံစည်မှု စွဲချက်တွေနဲ့ တရားစွဲခံနေရတာပါ။
Ref – inquirer.net
