
၁၂. ၃. ၂၀၂၅
Written by Thettant
ဒီနေ့မနက် ယှဥ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်တွေမှာ ဘာစီလိုနာအသင်းက ဘင်ဖီကာကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နှစ်ကျော့ပေါင်း ၄ – ၁ ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့သလို ဘိုင်ယန်မြူးနစ်ကလည်း လေဗာကူဆင်ကို ၂ ဂိုး ဂိုးမရှိနဲ့ထပ်နိုင်လို့ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ဂိုးမရှိ၊ အင်တာမီလန်က ဖီယင်နုကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်လို့ နှစ်ကျော့ပေါင်း ၄ ဂိုး ၁ ဂိုးနဲ့ နောက်တစ်ဆင့် ကွာတားတက်ချိန်မှာ လီဗာပူးကတော့ PSG ကို အိမ်ကွင်းမှာ ပွဲချိန်အတွင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

ပထမအကျော့ PSG အိမ်ကွင်းကတည်းက တရစပ်တိုက်ခဲ့တဲ့ PSG ကို အလီဆင်ဘက်ကာ ကောင်းခဲ့လို့သာ ၁ ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ ကြိုးကြာတွေဟာ အန်းဖီးလ်မှာတော့ ရိုက်သတ်ချက်စားခံခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းမှုအသာ၊ ဂိုးပေါက်တည့်မှုအသာနဲ့ ပွဲချိန်အတွင်း အနိုင်ကို ဧည့်သည့် PSG ထံ အပ်နှင်းခဲ့ရတာပါ။

အဖက်ဖက်က PSG ကို မယှဥ်နိုင်တဲ့ ကြိုးကြာတို့အဖို့ ပွဲကစားချိန် ၁၂ မိနစ်မှာ ဒမ်ဘီလီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး ပြန်မချေပနိုင်တာကြောင့် အချိန်ပိုဆက်သွားရချိန်မှာလည်း PSG ကပဲ တရစပ်တိုက်နေခဲ့ပြီး ထုံးစံအတိုင်း အလီဆင်ဘက်ကာက ကယ်တင်ခဲ့ရပြန်ပါတယ်။

ပွဲချိန် ၁၂၀ ပြည့်တဲ့အထိလည်း လီဗာပူးက ရှုံးလို့ကောင်းနေဆဲဖြစ်ပြီး ချေပဂိုးမသွင်းနိုင်လို့ ပင်နယ်လ်တီရောက်သွားတဲ့အခါမှာ ပွဲချိန် ၁၂၀ လုံးလုံး စိတ်ထွေပြားပြီး တရစပ်ခုခံနေရတဲ့ အလီဆင်ဘက်ကာ တစ်လုံးမှ မကာကွယ်နိုင်ဘဲ ဒွန်နာရမ်မာက ဒါဝင်နူနက်နဲ့ ကာတစ်ဂျုံးအလုံးတွေကို ထိထိမိမိလှလှပပ ဖမ်းပြသွားပြီး ဆာလာ့က်ဂိုးပဲပေးခဲ့ရသလို အလီဆင်ဘက်ကာကို ဗီတင်ဟာ၊ ဂွန်ကာလို ရာမို့စ်၊ ဒမ်ဘီလီ၊ ဒူဝယ်တို့က ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကြိုးကြာနီတို့ဟာ ပွဲချိန်တွင်းမှာလည်း ရှုံး၊ ပင်နယ်လ်တီမှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ရှုံးလို့ ကွာတားဖိုင်နယ်ကို မိအေးနှစ်ခါနာနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။
