



MT News
၈.၃. ၂၀၂၅
ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘီလာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Roman Alexand-rovich Golovchenko နှင့် ယမန်နေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိရာ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘီလာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဘီလာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဘီလာရုစ်နိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို များစွာမြှင့်တင်ပေးနိုင်မှုအခြေအနေများ၊ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်အပါအဝင် အခြားစက်မှုကုန်ကြမ်းသီးနှံများအား ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများ ပိုင်ဆိုင်ထားသည့် ဘီလာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာများ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား မတ်လ ၆ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့ President ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။