
၈. ၃. ၂၀၂၅
Written by Nay Moe
PDF များ ထောင်ထားသည့် မိုင်းများကွဲရာက ဆရာတော်တစ်ပါးအပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရမှု တစ်နေ့တာအတွင်းဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေနံချောင်းမြို့နယ်၊ ယင်းမချောင်းကျေးရွာနေ ဦးဝင်းလှိုင်(၄၈)နှစ်နှင့် ယင်းမချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးသုဇင်ည(၄၀)နှစ် ဝါတော် ၂၀ ဝါတို့သည် ဥသျှစ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထူဒူငံသကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လွိုင်ကော် မြို့နယ်၊ ဒေါတမရပ်ကွက်နေ ဒေါ်မေသန္တာစိုး(၃၄)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်လင်းထက်အောင် (၁၃) နှစ်၊ မောင်ရဲမြင့်သူ (၆) နှစ်တို့နှင့်အတူ အဆိုပါကျေးရွာရှိ ဖူဆယ်ဘောလုံး ကွင်းအနီး၌ ရှိနေစဉ် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လွိုင်ကော်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပြင် ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ မြို့နယ် ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ အောက်ကြာအင်းကျေးရွာနေ ဦးဝင်းနိုင်(၅၀)နှစ်သည် ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အဖွဲ့က ထောင် ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
