၈.၃.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အစိုးရက ဆေးကျောင်းများသို့ တက်ရောက်ခွင့် ရရှိသူဦးရေကို ၂၀၂၅ ခုနှစ်ကစလို့ ၂,၀၀၀ ထိ စတင်တိုးမြှင့်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ အလုပ်သင်ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေ ထောင်နဲ့ချီလို့ သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေကို စွန့်ခွာပြီး သပိတ်မှောက်ခဲ့ကြတဲ့ အငြင်းပွားမှုကို အဆုံးသတ်စေဖို့ ပညာရေးဝန်ကြီးဌာနက သူ့ရဲ့ဆေးကျောင်းသားသစ်တိုးမြှင့်မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ မတ်လ ၇ ရက်မှာအဆိုပြုချက်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

အဆိုပြုချက်အရ ပညာရေးဝန်ကြီး လီဂျူဟိုက အလုပ်သင်ဆရာဝန်တွေအားလုံးကို မတ်လကုန်မှာ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ဖော်ပြထားတာပါ။
အစိုးရရဲ့ ဆေးကျောင်းဝင်ခွင့်တိုးမြှင့်မယ့်အစီအစဉ်က အထူးသဖြင့် အစွန်အဖျားဒေသတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆရာဝန်ရှားပါးမှုကို ဖြေရှင်းဖို့ မရှိမဖြစ်လိုအပ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာအသိုင်းအဝန်းနယ်ပယ်မှ အများအပြားကတော့ ဒီလို ဆေးကျောင်းသားအရေအတွက် မတိုးခင်မှာ လစာမလုံလောက်မှုနဲ့ စိန်ခေါ်မှုရှိတဲ့အလုပ်အခြေအနေလို ပြဿနာတွေကို ဦးစွာဖြေရှင်းသင့်တယ်လို့ ပြောခဲ့ကြပါတယ်။
ဝန်ကြီး လီဂျူဟိုက သတင်းစာရှင်းပွဲပြုလုပ်ခဲ့ရာမှာ အစိုးရရဲ့ ဆေးကျောင်းသားတိုးမြှင့်သင့်တယ်ဆိုတဲ့ မူဝါဒကတော့ ပြောင်းလဲမှာမဟုတ်ပေမယ့် ဆေးဘက်ဆိုင်ရာအသိုင်းအဝန်းနဲ့ အစိုးရအကြား ယုံကြည်ကိုးစားမှုရှိဖို့ကတော့ အထူးအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
အစိုးရရဲ့ ဒီအစီအစဥ်ကို မကျေနပ်မှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ အငြင်းပွားသပိတ်မှောက်မှုမှာ ဆေးရုံတွေမှာ တာဝန်ပေးဖို့ အဆင့်မီတဲ့ အလုပ်သင်ဆရာဝန် ၁၃,၅၃၁ ဦးအနက်မှာ ၉၀ ရာခိုင်နှုန်းက နုတ်ထွက်ခဲ့ကြပြီး ဆေးကျောင်းသားအများအပြားလည်း စာသင်ခန်းတွေက ထွက်ခွာခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ကြေညာချက်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။
အစိုးရရဲ့ အစီအစဉ်က ၂၀၂၅ ခုနှစ်မှာ ဆေးကျောင်းသားဦးရေ ၂,၀၀၀ ထိ စတင်တိုးမြှင့်ပြီး နောက်နှစ်တွေမှာ ၃,၀၀၀ အထိ တိုးမြှင့်ခေါ်ယူသွားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို အလုပ်သင် ဆရာဝန်အများအပြားက ၁၃ လကြာ သပိတ်မှောက်ဆန္ဒပြနေကြတာကြောင့် ဆေးရုံတွေမှာ ခွဲစိတ်မှုတွေ နှောင့်နှေးရတာ၊ ဖျက်သိမ်းရတာတို့နဲ့အတူ အရေးပေါ်ဝန်ဆောင်မှုတွေမှာလည်း အဆင်မပြေမှုတွေ ဖြစ်နေရပါတယ်။
အစိုးရရဲ့ နောက်ဆုံးအလျှော့ပေးမှု ဖြစ်တဲ့ ဒီအဆိုပြုချက်က ၁၃ လ ကြာအငြင်းပွားမှုကို ရပ်ဆိုင်းနိုင်မလား စောင့်ကြည့်ရမှာပါ။
Ref- ANEWZ.TV
