၈.၃.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ တည်ဆောက်ခြင်း ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ မတ်လ ၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ရာမှာ နေထိုင်စရာခက်ခဲနေတဲ့ အနုပညာလောကသားတွေအတွက် အဆောက်အဦဆောက်လုပ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။




“ကျွန်တော် ရုပ်ရှင်အစည်းအရုံးရဲ့ အဆောက်အဦတွေက တည်ဆောက်ထားတာဆိုရင် နှစ်ပတ်လည်နဲ့ တွက်ရင် ဒီနေ့ ၇၉ နှစ် ပြည့်ခဲ့ပါပြီ။ ဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။ ရုပ်ရှင်သင်တန်းတွေ ဖွင့်ပြီးတော့ ဒါရိုက်တာ၊ အနုပညာရှင် သရုပ်ဆောင်တွေလည်း တော်တော်များများလည်း မွေးထုတ်ပေးခဲ့ပါတယ်။ ဒီလို ကိုယ့်လောကသားတွေ အောင်မြင်မှုတွေနဲ့ ဖြစ်မြောက်လာလို့လည်း ဂုဏ်ယူမိပါတယ်။ ဒီလောကသားတွေကို တစ်စုတစ်စည်းတည်း ဆုံဆည်းစေချင်တယ်။ လက်ရှိ အနောက်က ရုပ်ရှင်သမိုင်းပြတိုက်ဆိုရင်လည်း နောင်တစ်ချိန်ရှေးဟောင်း စာရင်းဝင်ပါပြီ။ နောက် လောကသားတွေ ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်။ ရုပ်ရှင်အစည်းအရုံးကို ပြည်ပက စေတနာရှင်တွေ ကျေနပ်အောင် သိက္ခာထိန်းပြီး နေကြရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လုပ်ကိုင်သူတွေက ကိုယ်ကျင့်တရားကောင်းဖို့ လိုပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ကျင့်တရားနဲ့ ရုပ်ရှင်လောကကို တည်ဆောက်ထားတာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ထူးထူးခြားခြားတွေ့ရတာက ရုပ်ရှင်ထုတ်လုပ်သူများသာမက ပြည်ပကစေတနာရှင်တွေကလည်း ကျွန်တော်တို့ကို ကူညီနေတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ တကယ် ဆင်းရဲနွမ်းပါးသူတွေကိုလည်း ပေးလှူကြပါတယ်။ မြေ ၁၀ ဧကမှာ နေစရာထိုင်စရာမရှိတဲ့ ကိုယ့် ရုပ်ရှင်လောကသားတွေအတွက် အဆောက်အဦတွေဆောက်လုပ်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ဒီအတွက်လည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါလို့ ကျွန်တော်က မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ကို အဖက်ဖက်က ထောက်ပံ့ပေးတဲ့ နိုင်ငံတော်ပိုင်းဆိုင်ရာ အသီးသီး ကျွန်တော်တို့ လောကသား အသီးသီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောက်ထပ်အဓွန့်ရှည်အောင် ဝိုင်းဝန်းပြီးတော့ ရုပ်ရှင်အစည်းအရုံးကြီးကို ကူညီကြလို့ပြောချင်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကိုပြောပါတယ်။









အဆိုပါ နှစ်ပတ်လည်နေ့မှာ နံနက် ၉ နာရီက စတင်ပြီး ရုပ်ရှင်ဖခင်ကြီးများ ကြေးရုပ်နဲ့ ရာပြည့်ရင်ပြင် ဖွင့်လှစ်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း စတဲ့သူတွေအပြင် အနုပညာရှင်များစွာနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်ပညာသင်တန်းဆင်းတွေရဲ့ တွေ့ဆုံစကားဝိုင်း၊ ဗီဒီယိုခေတ်သရုပ်ဆောင်တွေရဲ့ တွေ့ဆုံစကားဝိုင်း၊ ခေတ်အဆက်ဆက်ရွှေကြိုမောင်မယ်တွေရဲ့ စကားဝိုင်း၊ ခေတ်ဟောင်းဂန္တဝင်ရုပ်ရှင် “ငဘ” ဇာတ်ကားပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ စတင်တဲ့အနေနဲ့ ကျပ်သိန်း ၂၀၀ ကို (ဗလာမပါ နွမ်းပါးပညာရှင်တွေကို ကျပ်တစ်သောင်းကနေ ကျပ်သုံးသိန်းအထိ ကံစမ်းမဲအစီအစဉ်) မဲဖောက်ခြင်း၊ ကာရာအိုကေ သီဆိုခြင်း၊ ညနေပိုင်းမှာတော့ နိဗ္ဗာန်ဈေးတွင် ကျွေးမွေးဧည့်ခံခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံများရိုက်ကူးခြင်းနဲ့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကြည့်ရှုခြင်း အစီအစဉ်တွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအဆောက်အဦတွေကို ၁၉၄၆ ခုနှစ် မတ်လ ၈ ရက်နေ့က ဖွဲစည်းတည်ထောင်ခဲ့တာလည်းဖြစ်ပြီး MMPO ရဲ့ ရုပ်ရှင်သမိုင်းကြောင်းဖြစ်တဲ့ ပထမဦးဆုံး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အစဉ်အဆက်သမိုင်းကြောင်း အပြည့်အစုံပါဝင်တဲ့ စာအုပ်ကိုလည်း ရောင်းချပေးခဲ့ပါတယ်။
#ဦးကြည်စိုးထွန်း #UKyiSoeTun #MMPO
#MyanmarMovie #ဗလာမပါကံစမ်းမဲ #တည်ဆောက်ခြင်း၇၉နှစ်မြောက်နှစ်ပတ်လည်နေ့
