


၂. ၃ .၂၀၂၅
Written by Hey Mar
မိခင်ဖြစ်သူ နေ့စားအလုပ်လိုက်လုပ်နေချိန် ညီအစ်ကိုနှစ်ဦး ရွာအနီးက မတ်ပဲခင်းထဲ ကောက်သင်းကောက်သွားရာက မြေမြှုပ်မိုင်းနင်းမိပြီး အကိုဖြစ်သူ နားစည်ထိခိုက်ကာ ညီဖြစ်သူ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ခြေထောက်နှစ်ချောင်းစလုံး ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကျေးရွာမှာ ဒီနေ့ မတ်လ (၂)ရက် တောင်သူလယ် သမားနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
ခြေထောက်နှစ်ဖက် ဆုံးရှုံးထိခိုက်တဲ့ကလေးက Grade -3 စာမေးပွဲ ဖြေဆိုထားတဲ့ မောင်ကြယ်စင်ဟိန်း ဆိုသူဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်နေလူတန်းစားမိဘနှစ်ပါး၊ အစ်ကိုဖြစ်သူတို့နဲ့အတူ ကျွန်းတောကျေးရွာမှာ နေထိုင်ကြတာပါ။ ကျောင်းပိတ်ရက်အတွင်း မတ်ပဲ သိမ်းပြီးစ အခင်းတွေထဲ ပဲအကျန်လိုက်ကောက်ပြီး ကျပ်တစ်ထောင် ရရ နှစ်ထောင်ရရ၊ မိဘထံ အပ်နှံကူညီနိုင်ဖို့ ငွေပိုရအောင်ရှာဖွေပေးရင်း အခုလို အဖြစ်ဆိုး ကြုံတွေ့ရတာဖြစ်ပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သွားတဲ့ ခြေထောက်ဒဏ်ရာကို ကုသနိုင်ဖို့ တောင်ငူပြည်သူ့ဆေးရုံကြီးဆီ တက်ရောက်လာပေမယ့် ငွေကျပ် ထောင်ဂဏာန်းသာ ပါလာတဲ့ မောင်ကြယ်စင်ဟိန်း မိဘနှစ်ပါးကို တောင်ငူဆေးရုံကြီးမှ တာဝန်ရှိသူတွေက လိုအပ်တာတွေ ကူညီနိုင်ဖို့ Save The Trees Rescue Team နဲ့ ချိတ်ဆက်ပေးခဲ့တာကြောင့် အဆိုပါအသင်းတာဝန်ရှိသူက ဆေးရုံတက်ရောက်ကုသစဉ် လိုအပ်တဲ့ ဆေးဝါး၊ ကုန်ကျစရိတ်တို့ကို စိုက်ထုတ်ကူညီမယ်လို့လည်း သိရပါတယ်။
Save The Trees Rescue Team မှာ တာဝန်ရှိသူ ကိုကျော်သူရက “ကလေးတွေက ပဲကောက်သင်း ကောက်ရင်းနဲ့ တစ်ခင်းနဲ့ တစ်ခင်း ကူးသွားတာ။ အဲဒီပဲခင်း တစ်ခင်းနားမှာ အင်းတစ်ခုရှိတယ်။ အင်းထဲ ခြေလက်ဆင်းဆေး ရေသောက်ရင်း အင်းစပ်မှာ ထောင်ထားတဲ့ မိုင်းနင်းမိတာလို့ သိထားတယ်။ ခြေထောက်နှစ်ဖက်စလုံး ဒူးအထက်ကနေ ကလေးက ဖြတ်ရမယ်။ အခု ခွဲစိတ်ခန်း ဝင်နေဆဲပါ” လို့ MT News က မတ်လ ၂ရက်န့ ည ၈နာရီအချိန် ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
ပဲခူးတိုင်းဒေသကြီးက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်ပြီး တပ်စခန်းပေါင်း ၈၀ ကျော်ရှိပေမယ့် NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့ ပါဝင်ပြီး ပဲခူးတိုင်းမှာတော့ PDF တပ်ရင်းတွေအခြေချထားနိုင်ကာ အင်အားလည်းများပြီး ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ လှုပ်ရှားရာနေရာလည်း ဖြစ်သလို KNU နှင့် PDF ပူးပေါင်းလှုပ်ရှားနေကြဆဲ ဒေသတစ်ဝိုက်လို့ Exiles မီဒီယာတစ်ခုဖြစ်တဲ့ မြန်မာနောင်း ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြရေးသားထားပါတယ်။
Save The Trees Rescue Team မှ ကိုကျော်သူရက “ဒီနှစ်အတွင်း ကျွန်တော်တို့ မြေမြှုပ်မိုင်းကြောင့် ခြေ ၊လက် ၊ မျက်စိ ထိခိုက်ပျက်စီးတဲ့ ကလေးသူငယ် ၊ အမျိုးသမီး ၊ သက်ကြီး ဘိုးဘွားတွေ ကူညီပေးနေတာ အယောက် ၃၀ကျော်ပြီ။ ဒါ သိရှိလို့ ကူညီပေးနိုင်တဲ့ ယေဘုယျ အရေအတွက်ပါ။ သွယ်ဝိုက်သောနည်းနဲ့ပေါ့ တစ်ဆင့်ခံ ကူညီပေးတာတွေလည်း အတော်များများရှိပါတယ်။ အခု သားငယ်ကိုလည်း စိတ်ဓာတ် ခွန်အား ၊ ပြန်လည်သန်စွမ်းကျန်းမာရေး ၊ ထူထောင်ရေးကမှအစ ၊ ဆေးရုံဆင်းတဲ့ အထိ ၊ စားဝတ်နေရေး ၊ ခြေတု တပ်ဆင်နိုင်ရေး ၊ နောက်ပြီး ပြန်လည်သန်စွမ်းကျန်းမာပြီး ဘဝ ရပ်တည်ရေးအထိ စီစဉ်ပေးသွားဖို့ ဆောင်ရွက်မှာပါ ” လို့ MT Newsကို ပြောပါတယ် ။
၂၀၂၄ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်သူအရေအတွက်ကို ယူနီဆက်ဖ်ရဲ့ စစ်တမ်းတွေအရ ၁၀၈၂ ဦးလို့ ဖော်ပြထားတာကို သိရှိရပြီး အဲဒီထဲကမှ ရှမ်းပြည်နယ်က ထိခိုက်ခံစားရသူဦးရေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယက စစ်ကိုင်းတိုင်းဖြစ်ပြီး၊ တတိယက ရခိုင်ပြည်နယ်ဖြစ်ကာ ထိခိုက်ခံစားရသူတွေထဲက ၂၉ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
