
၁. ၃. ၂၀၂၅
Written by Nay Moe
ပုလောမြို့မှ လက်နက်မဲ့ အသက် ၇၄ နှစ်အရွယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးဖခင်နှင့် အသက် ၄၀ ကျော် နိုင်ငံ့ဝန်ထမ်းသားဖြစ်သူကို KNDO နှင့် PDF နှစ်ဖွဲ့ပေါင်း၍ သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းက ယနေ့ရက်စွဲဖြင့် ဝန်ခံထားသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်တွင် ပုလောမြို့၊ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်(၇၄ နှစ်)နှင့် ၎င်း၏ သားဖြစ်သူ စာတိုက်စာရေး ဝင်းမင်းထွန်း(၄၁)နှစ်တို့အား ၎င်းတို့၏ နေအိမ်တွင် မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) ပူးပေါင်းမဟာမိတ်အဖွဲ့များက ပစ်ခတ်သတ်ဖြတ်ကြရာ ပစ်ခတ်မှုကြောင့် ၎င်းတို့ (၂)ဦးစလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။


အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်သည် CDM များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးရာတွင် ပူးပေါင်းခြင်း၊ သတင်းပေးခြင်း၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ လယ်ယာမြေများကို အိမ်ရာကွက်များ ဖော်ဆောင်ခြင်း၊ စစ်မှုထမ်းရမည်ဟု လိုက်လံခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်ခဲ့သလို သားဖြစ်သူ ဦးဝင်းမင်းထွန်းသည် CDM များနှင့် PDF များ၏ မိသားစုဝင်နေအိမ်များကို ကိုယ်တိုင် လိုက်ပြခြင်း၊ သတင်းပေးခြင်း၊ စစ်မှုထမ်း စုဆောင်းနိုင်ရေးအတွက် အိမ်ထောင်စုစာရင်း ကောက်ယူခြင်းကိုလည်း ဆောင်ရွက်နေသူဖြစ်၍ ကျူးလွန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းက ဆင်ခြေပေးသော်လည်း အဆိုပါ အကြောင်းပြချက် မှန်ကန်မှုရှိ မရှိ MT News က မြေပြင်အတည်မပြုနိုင်သလို ကျူးလွန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းကလည်း သက်သေပြနိုင်ခြင်းမရှိချေ။
