၁.၃. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရက်ဌာနီက ကော့ဖန်ဂန်ကျွန်းမှာ ဆိုင်ကယ်အငှားလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဘတ်ငွေ ၂၀,၀၀၀၊ သူ့ရဲ့ မြန်မာလုပ်သားတစ်ဦးနဲ့အတူ ထိုင်းနိုင်ငံသားတွေပဲ လုပ်ကိုင်ခွင့်ရှိတဲ့ ကန့်သတ်ထားတဲ့ အလုပ် လုပ်ကိုင်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ဘန်တိုင်ခရိုင်ခွဲ၊ ဘန်ဟတ်ရင်ရွာအမှတ် (၆) မှာရှိတဲ့ ဆိုင်ကယ်ပြုပြင်ဆိုင်ငှားရမ်းဆိုင်ကို ခရီးသွားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ ဒေသခံတာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ ပိုင်ရှင်ဖြစ်သူ အသက် ၄၀ အရွယ် သန်းဇင်စိုးနဲ့ သူ့ရဲ့ ဝန်ထမ်း အသက် ၃၉ နှစ်အရွယ် ဝင်းနိုင်တို့ကို ဖေဖော်ဝါရီ ၂၇ ရက်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးမှုအတွင်း မော်တော်ဆိုင်ကယ်ကိုးစီးနဲ့ လေတိုင်ကီ တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း နယ်မြေခံခရီးသွား ရဲတပ်ဖွဲ့က စစ်ဆေးရေးအရာရှိ ဒုတိယရဲမှူးကြီး ဝင်းနစ်ဘွန်ချစ်က ပြောခဲ့ပါတယ်။
ဆိုင်ကယ်ပြုပြင်ရေးဆိုင်ဖွင့်ထားပြီး ဆိုင်ကယ်ငှားရမ်းလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေက ငှားရမ်းစီးနင်းသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို အာမခံအဖြစ် တောင်းယူတာနဲ့ ငှားရမ်းခများ အဆမတန် ကောက်ခံတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေက တိုင်ကြားမှုတွေကြောင့် ဖမ်းဆီးရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရာမှာ ဆိုင်ရှင်သန်းဇင်စိုးက ဆိုင်ကယ်ငှားအပြီး ဆိုင်ကယ်ပြန်ပေးကြောင်း သေချာစေဖို့ ဖောက်သည်တွေရဲ့ နိုင်ငံကူးလက်မှတ်ကို ရယူခဲ့ကြောင်း ဝန်ခံခဲ့သလို ငှားရမ်းမှုတွေမှာလည်း စာချုပ် ချုပ်ဆိုခဲ့တာနဲ့ သူက ဆိုင်ကယ်ပြုပြင်ရေး ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်ကာ ဝန်ထမ်းကိုတော့ နေစားငြိမ်း နေ့စဉ် ဘတ် ၂၀၀ ပေးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် သူက ဆိုယ်ကယ်ငှားရမ်းမှုကနေ တစ်ရက် ဘတ် ၁၃၀၀၀ ခန့် ဝင်ငွေရနေပြီး ဆိုင်ကယ်ပြုပြင်မှုက ဝင်ငွေပေါင်းရင် တစ်ရက် ဘတ် ၂၀၀၀၀ ခန့် ဝင်ငွေရနေတယ်လို့လည်း ဖြောင့်ချက်ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးထဲကာ သန်းဇင်စိုးကို တရားမ၀င်စီးပွားရေးလုပ်ကိုင်တာ၊ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အလုပ်ခန့်တာနဲ့ တရားစွဲဆိုထားသလို ဝင်းနိုင်ကလည်း ဗီဇာသက်တမ်း ငါးနှစ်ကျော်လွန်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတွေနဲ့ တရားစွဲဆို အမှုဖွင့်ထားပြီး ကော့ဖန်ဂန် ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
Ref, The Thaiger
