၁.၃.၂၀၂၅
Written By Zun
ယခင်နယ်ခြားစောင့်တပ် ဌာနချုပ်ဟောင်းနေရာကို AA က စစ်စခန်းပြုလုပ်ထားသည့် မောင်တော ကျီးကန်းပြင် AA စခန်း ဗုံးကြဲခံရ၍ အကြမ်းဖက်လက်နက်ကိုင် ဆယ်နှင့်ချီသေဆုံးခဲ့ကြောင်း ဌာနေသတင်းရင်းမြစ်များက MT News ကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက် ညသန်းခေါင် ကျော်အချိန်(မတ်လ ၁ ရက် နံနက်)တွင် မြန်မာ့တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သောကြောင့် AA စစ်စခန်း လုပ်ထားသည့် နေရာရှိ အဆောက် အအုံများ အားလုံးပျက်စီးခဲ့ကာ သေဆုံးဒဏ်ရာရသူများပြားကြောင်း သိရသည်။


ယင်း မောင်တော ကျီးကန်းပြင်တွင် စစ်တွေမြို့ကို သွားတိုက်ရန် AA အဖွဲ့က စစ်သင်တန်းဆင်းပြီးသူများ ၃၀၀ ကျော် ရှိနေခြင်းဖြစ်ပြီး ဗုံးကြဲခံရမှုတွင် မည်မျှ သေဆုံးသွားသည်ကို တိတိကျကျ မသိရသေးပေ။
“ကျီးကန်းပြင် AA ဌာနချုပ်ကို သန်းခေါင်ကျော်အချိန်က ဗုံးကြဲသွားတယ်။ ဒီနေ့ မတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီကျော်ကက သေတဲ့ အလောင်းတွေကို ဖားဝပ်ချောင်း ရခိုင်တိုင်းရင်းသားရွာဘက်ကို ကားတွေနဲ့ သယ်သွားတယ်လို့ သိရပါတယ်။ ကားနှစ်စီးပေါ်မှာ အမှိုက်ကို ပစ်တင်သလိုတင်ပြီးတော့ သယ်သွားတာတဲ့။ အရေအတွက်ကတေ့ မသိရသေး။ ဆယ်နဲ့ချီ ရှိတာတော့ သေချာတယ်တဲ့”ဟု ဌာနေ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ရခိုင်လက်နက်ကိုင် အကြမ်းဖက် AA အဖွဲ့ကို မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) တပ်သားများက အလံဖြူ မထောင်ဘဲ ရက်ပေါင်း ၂၃၇ ရက်အကြာ မဆုတ်မနစ် တိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် လက်လွှတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
