◾ ဆွေးနွေးပွဲမှာ ဇယ်လန်စကီးအဖို့ အရှုံးကြီးရှုံးရတဲ့ အဖြစ်ရောက်ရပြီလို့ ဝေဖန်ပြောကြား
၁.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က ဝါရှင်တန်မြို့ သမ္မတအိမ်ဖြူတော်မှာတွေ့ဆုံဆွေးနွေးပွဲက နှစ်ဖက်အဆင်မပြေဖြစ်ခဲ့ရပြီးတဲ့ နောက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ဒီဆွေးနွေးပွဲမှာ ဇယ်လန်စကီးအဖို့ အရှုံးကြီးရှုံးရတဲ့ အဖြစ်ရောက်ရပြီလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
CNN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ရူဘီအိုက ဇယ်လန်စကီးအနေနဲ့ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ကြိုးစားအားထုတ်ဖို့ ဆုံးဖြတ်ထားရဲ့လားလို့ မေးခွန်းထုတ်ရင်း တွေ့ဆုံမှုမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ဇယ်လန်စကီးက တောင်းပန်သင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ရူဘီအိုက ဒီဆွေးနွေးပွဲကနေ ရန်ဘက်တွေဖြစ်ရတဲ့အထိ ဖြစ်ကြဖို့လည်း မလိုပါဘူး။ ဇယ်လန်စကီးရဲ့ ချဉ်းကပ်မှုနည်းလမ်းက စေ့စပ်ညှိနှိုင်းရေးကို ပိုလို့ခက်ခဲသွားစေတယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ငြိမ်းချမ်းရေးအတွက် အလားအလာရှိတဲ့ လမ်းကြောင်းတွေကို ဆွေးနွေးကြဖို့ မူလက ရည်မှန်းထားတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ဆွေးနွေးပွဲကလည်း နှစ်ဖက်မပြေလည်မှုအောက်မှာ လျင်မြန်စွာပဲ ပြိုလဲပြီး အစပျောက်ခဲ့ရပါတယ်။ ထရန့်နဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က ဇယ်လန်စကီးဟာ ကိုယ့်ရဲ့အရှိန်အဝါ ဩဇာကို လွန်ကဲခန့်မှန်းလွန်းနေပြီး အတိတ်ကလည်း အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုနေတွအတွက် လုံလောက်တဲ့ကျေးဇူးတင်မှုကို မပြသခဲ့ဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။
ဒါ့ပြင် ရူဘီအိုက ဇယ်လန်စကီးရဲ့ တိုက်ခိုက်ရေးကိုလိုလားတဲ့ ရပ်တည်ချက်က ညှိနှိုင်းဆွေးနွေးဖို့ လိုလားမှုကိုလည်း သံသယစိတ်တွေသာ တိုးပွားစေမယ်လို့ ဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲ ပျက်ပြားရတာက အနာဂတ်မှာ အမေရိကန်အနေနဲ့ ယူကရိန်းကိုအထောက်အပံ့ပေးပါဦးမလား မသေမချာဖြစ်စေတယ်လို့လည်း ပြောခဲ့ပြန်သေးတယ်။
ဇယ်လန်စကီးအနေနဲ့ကတော့ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ရပ်တည်ချက်တစ်ခုအတိုင်း ရပ်တည်နေပြီး ကျွမ်းကျင်သူတွေကတော့ အရှုံးပေးသဘောတူညီမှုလို့ ဆိုကြတဲ့ ရုရှားဘက်က အသာစီးရစေမယ့် သဘောတူညီမှုမျိုးကို လက်ခံဖို့ငြင်းပယ်ထားပါတယ်။ Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်း ဇယ်လန်စကီးက ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိပါတယ်၊ ဒါပေမယ့် သင့်တော်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်တော့လိုအပ်မှာပါလို့ ပြောခဲ့ပါတယ်။
ဇယ်လန်စကီးက “ကျွန်တော် သမ္မတထရန့်ဆီသွားတာကလည်း ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလို ချင်နေလို့ပါ။ ထရန့်အနေနဲ့ သူ့ကိုယ်သူ စစ်ပွဲမှာဖျန်ဖြေရေးသမားတစ်ယောက်အနေထက် ယူကရိန်းကို ပြင်းပြင်းထန်ထန်ထောက်ခံသူတစ်ယောက်အနေနဲ့ပြသမယ်လို့လည်း ကျွန်တော်ကမျှော်လင့်ခဲ့တာ၊ သမ္မတ ထရန့်ကို ယူကရိန်းဘက်မှာ ပိုလို့ ရှိစေချင်ခဲ့တာ” လို့ ပြောခဲ့ပါတယ်၊
သမ္မတထရန့်က ဆွေးနွေးပွဲကို ရုတ်ခြည်းဆိုသလိုပဲအဆုံးသတ်၊ ဇယ်လန်စကီးကို အိမ်ဖြူတော်မှထွက်ခွာဖို့အမိန့်ပေးပြီး ကျင်းပဖို့စီစဉ်ထားတဲ့ ပူးတွဲသတင်းစာရှင်းပွဲကိုပါ ဖျက်သိမ်းခဲ့တဲ့အခါမှာတော့ ခေါင်းဆောင်နှစ်ဦးအကြား တင်းမာမှုက အထွတ်အထိပ်ကိုရောက်ခဲ့ရတာပါ။
ရူဘီအိုကတော့ “ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရဖို့ဆိုတာ အင်မတန် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် သမ္မတဇယ်လန်စကီးအနေနဲ့ သံတမန်ရေးအားထုတ်မှုတွေကို တွန်းလှန်သွားမှာထက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ ပိုလိုအပ်တယ်”လို့ ဆိုခဲ့ပါတယ်။
Ref- Kyiv Independent
