
၂၇.၂. ၂၀၂၅
Written by Hey Mar
ကျောင်းတိုက်မှာ ပျင်းလို့ ဘုရားဖူးထွက်လာတယ်ဆိုတဲ့ သံဃာအတုအယောင်တစ်ပါး အုတ်တွင်းမြို့မဈေးထဲ အလှူခံနေတာကို တာဝန်သိပြည်သူက အုတ်တွင်းသာ/ထိန်းထံ ဓာတ်ပုံနဲ့တကွ သတင်းပေးပို့လာတဲ့အတွက် ဈေးကျောင်းတိုက်ဆရာတော်က အဆိုပါ သင်္ကန်းဝတ်ကို ဈေးကျောင်းဆီ ပင့်ဖိတ်မေးမြန်းရာ အတုအယောင်ဖြစ်ကြောင်း ပေါ်ပေါက်တာကြောင့် လူဝတ်လဲ ရဲလက်အပ်ခဲ့ရတဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ သင်္ကန်းဝတ်မှာ အသက် (၇၅)နှစ်အရွယ် ဖြစ်ပြီး ရခိုင်ပြည်နယ်မှ လာရောက်ကာ မွန်ပြည်နယ်၊ ပေါင်မြို့မှာ ရဟန်းဝတ်နေတာလို့ဆိုပါတယ်။ ကျောင်းတိုက်ကနေ ဘုရားဖူးထွက်လာတယ်ဆိုတဲ့ အဆိုပါသင်္ကန်းဝတ်ကို ဈေးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်လည်းဖြစ်ပြီး မြို့နယ် သံဃာ့ဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ တာဝန်ရှိသူလည်းဖြစ်တဲ့ဆရာတော် ဘဒ္ဒန္တ တေဇသီရိက စစ်ဆေးရာ အပြင်က သံဃာ့လွယ်အိတ်လွယ်ထားပြီး ခန္ဓာကိုယ်မှာက လူ့အသုံးအဆောင် ခါးပတ်အိတ် ပတ်ထားကြောင်း၊ ပါလာတဲ့ စာအုပ်(၂)အုပ်ကို စစ်ဆေးကြည့်ရာမှာလည်း (၃)လုံးချဲဂဏာန်းတွက်ချက်ထားတဲ့ စာတွေသာ တွေ့ရကြောင်း၊ ဘုရားစာ တစ်လုံးမှ မပါသလို၊ ဖုန်းကိုဖွင့်ကာ စစ်ဆေးကြည့်တဲ့အခါမှာလည်း ညစ်ညမ်း Website ရှာဖွေထားမှုနဲ့ ညစ်ညမ်း Group တွေသာ တွေ့ရကြောင်း၊ ရဟန်းတို့ သိသင့် သိထိုက်တဲ့ အခြေခံဝိနည်းအကြောင်းတွေ မေးကြည့်တဲ့ အခါမှာလည်း စာမတတ်ဘူးဟုဖြေကြောင်း စသဖြင့် ဖြစ်စဉ်တချို့ကို MT News ကို မိန့်ပါတယ်။




“သင်္ကန်းဝတ်ရင် ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ အတွေးဆိုးနဲ့ သာသနာခိုစီး ဘုရားရှင်မျက်နှာတော်မှမထောက်တော့လည်း တစ်ခါတည်း လူဝတ်လဲပါတယ်။ ဓမ္မစက်ပြီးတော့ အာဏာစက်အဖြစ် ရဲတပ်ဖွဲ့လက်ထဲအပ်ပေးလိုက်ပြီး သူလိုက်လံ အလှူခံထားတဲ့ ရရှိငွေ (၁)သိန်းခွဲကျော်ကျော်ကို ဘုန်းတော်တိုး/ဘုန်းတော်ပွင့် ဘုရားမှာ အသစ်တည်နေတဲ့ ရပ်တော်မူဘုရားအတွက် သွားလှူခိုင်းလိုက်တယ်။ ဒီရဟန်းကို လှူဒါန်းခဲ့မိတဲ့ ဒကာ/ဒကာမတွေလည်း ကုသိုလ်အစစ်အမှန်ရသွားအောင်လို့ပါ”လို့ ဆရာတော် ဘဒ္ဒန္တ တေဇသီရိ အဂ္ဂမဟာ ပရဟိတဓရ နာယက ၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)က မိန့်ကြားပါတယ်။
မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီးကလည်း အခုလို သာသနာညှိုးနွှမ်းစေတာကို လုံးဝ လက်မခံဘဲ ဦးတေဇသီရိတို့အနေနဲ့ ဆရာတော်ကြီးရဲ့ ဩဝါဒကို ခံယူပြီး ဆောင်ရွက်တာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်တွေ အပြစ်လုပ်ရင် အသံဖိုင်/Video File ရတဲ့အထိ စုံစမ်းရကြောင်း၊ အပြစ်ရှိနေကြောင်း သေချာပါက ပထမအကြိမ် အဲဒီကျောင်းတိုက်ရဲ့ သက်ဆိုင်ရာ ရပ်/ကျေး သံဃနာယကထံကို သတင်းပို့ပြီး ခံဝန်ထိုးစေကြောင်းနဲ့ နောက်ထပ်ကျုးလွန်ပါက ဝိသောဓနီအဖွဲ့က တိုက်ရိုက်ဝင်ရောက်အရေးယူပါကြောင်းလည်း ရှင်းလင်း မိန့်ကြားပါတယ်။
ဘဒ္ဒန္တ တေဇသီရိ အဂ္ဂမဟာ ပရဟိတဓရ နာယကဆရာတော် ၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)က” ဒီလထဲဆို ခံဝန်နဲ့ တစ်ပါး၊ အခု လူထွက်ပေးတာ တစ်ပါး၊ ကျောင်းတိုက်တစ်ခုက ကျောင်းထိုင်ကိုလည်း ခံဝန်ထိုးခိုင်းပြီး အရေးယူထားတာရှိပါတယ်။ ပြီးခဲ့လကဆို မူးရူးနေတာ(၂)ပါး၊ သင်္ကန်းပတ်ပြီး ဘာမှ ရဟန်းသံဃာအကြောင်းမသိတဲ့ အတု အယောင်(၃)ပါးရှိခဲ့ပါတယ်”လို့ သံဃဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ လုပ်ဆောင်ချက်တချို့ကို MT News ကို မိန့်ကြားရှင်းလင်းပြခဲ့ပါတယ်။
