၂၄.၂.၂၀၂၅
Written By Zun
ဟိုတယ်ဝန်ထမ်းအိပ်ဆောင်အတွင်း ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံ အပူလွန်ကဲ မီးလောင်မှု မန္တလေးမြို့ရှိ ရှင်းသန့်ဟိုတယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၈ (A) လမ်း၊ (ဇ) ရပ်ကွက်ရှိ ရှင်းသန့်ဟိုတယ်၏ ဝန်ထမ်းအိပ်ဆောင်တွင် အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
“ဟိုတယ်ဝန်ထမ်းတွေ အိပ်နေတုန်းလောင်တာ။ ဖုန်းအားသွင်းတာကနေ Shock ဖြစ်တာပါ။ အဲဒီကနေ မွေ့ယာကို မီးကူးတာကနေ လောင်တာ။ ဒဏ်ရာအနာတရမရှိကြပါဘူး”ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို သိရှိသူတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၀’×၆၀’ အရွယ်အစားရှိ (၂)ထပ် အထပ်သားခင်း အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။


ယင်း မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲခဲ့သည့် ဟိုတယ်မန်နေဂျာ အသက် ၃၃ နှစ်အရွယ်ရှိသူ အမျိုးသားအား စက်မှုနယ်မြေရဲစန်းတွင် (ပ-၂၆/ ၂၈၅/၂ဝ၂၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဌေးဝင်း ဦးဆောင်၍ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ထိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ လောကပါလအရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သင်ပန်းကုန်း အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁) စီး၊ (ဈ) အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ဓမ္မိကလူမှု ကူညီရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ် (၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁) စီး သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၄၀)ဦးတို့က သွားရောက် ငြှိမ်းသတ်ပေးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ (၈၆)လမ်း၊ ကန်တော်ကြီးအရှေ့ခြမ်း၊ အကွက်အမှတ် (၄၀၆ B)ရှိ ပုလင်းသွပ်လုပ်ငန်းတစ်ခု၏ ဝန်ထမ်းနားနေဆောင်အတွင်း ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲကာမီးလောင်မှုတစ်ခု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
