
၁၈.၂.၂၀၂၅
Written by Hey Mar
စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားကြီးတစ်ဦးက အမျိုးသမီးတစ်ဦးကို ဓား၊ ကတ်ကြေး စတာတွေနဲ့ ရန်ပြုတဲ့အတွက် ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ်တင်ပို့ပေးခဲ့ရတဲ့ဖြစ်စဉ် မနေ့က ဖေဖော်ဝါရီ ၁၇ ရက် ည ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း(ဘဏ်လမ်း)မှာ ဖြစ်ပွားခဲ့တယ်လို့ လင်းလက်လူမှုကူညီရေး အသင်းထံကနေသိရပါတယ်။

အန္တရာယ်ပြုသူ အမျိုးသားကြီးမှာ အနီးအနားအမှိုက်ပုံးတွေကို မွှေနှောက်ရှာဖွေတတ်သူဖြစ်ပြီး ဒဏ်ရာရရှိသူအမျိုးသမီးမှာ ဒလဘက်ကနေ ရန်ကုန်ဘက်ခြမ်းမှာ ဈေးလာရောင်းတဲ့ အလုပ် လုပ်ကိုင်သူလို့ သိရပါတယ်။ ဓား၊ ကတ်ကြေးတို့နဲ့ ရန်ပြုမှုကြောင့် ထိုးသွင်း ပြတ်ရှဒဏ်ရာရှစ်ချက်ခန့် ရရှိထားတယ်လို့လည်း သိရပါတယ်။
လင်းလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဒဏ်ရာတွေက ဝမ်းဗိုက်တွေ ဘာတွေမှာ မဟုတ်လို့ တော်သေးတယ်။ ခြေသလုံးတွေ၊ လက်မောင်း ၊ ပေါင်၊ တင်ပါးတွေမှာ ပြတ်ရှတာ ထိုးမိတာတွေက နက်တော့နက်တယ်။ ဒဏ်ရာလည်းကြီးတယ်။ ကျူးလွန်သူကိုလည်း ဖမ်းမိပါတယ်။ သူ့လည်း အနီးအနားကလူတွေက လုံးထွေးဖမ်းထားတော့ ဖူးယောင်ပေါက်ပြဲ ဒဏ်ရာတချို့ ရထားလို့ ရဲက လက်ထိပ်ခတ်ပြီး ဆေးရုံဆီ လိုက်ပို့တယ်” လို့ MT News ကို ပြောပါတယ်။