
၁၇.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဖေဖော်ဝါရီလ ၁၇ ရက်မှာ အလီဘာဘာ ကုမ္ပဏီပူးတွဲ တည်ထောင်သူဂျက်မ(Jack Ma) နဲ့ တခြားလူသိများတဲ့ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေကို တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုခဲ့တာက နှစ်အတန်ကြာ ဖရိုဖရဲဖြစ်နေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အတွက် အစိုးရကထောက်ပံ့မှုတွေပြုလာတော့မယ်လို့ အမှတ်လက္ခဏာပြလိုက်တာပဲလို့ သုံးသပ်ခဲ့ကြပါတယ်။
အလီဘာဘာ လုပ်ငန်းအုပ်စုနဲ့ Xiaomi လုပ်ငန်းအကြီးအကဲ Lei Jun ရဲ့ အစီရင်ခံတင်ပြမှုကို နားထောင် ပြီးတဲ့နောက် သမ္မတ ရှီက တက်ရောက်လာတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ကိုယ်စားလှယ်တွေကို မိန့်ခွန်း တစ်ရပ်ပြောခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ Meituan ကုမ္ပဏီမှ Wang Xing၊ စက်ရုပ်လုပ်ငန်း Unitree မှ Wang Xingxing နဲ့ Huawei ကုမ္ပဏီမှပူးတွဲတည်ထောင်သူ Ren Zhengfei တို့လည်း ပါဝင်ကြပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နည်းပညာအပေါ် မှီခိုနေရမှုကို ရည်မှန်းဆောင်ရွက်လာတာလို့လည်း သုံးသပ်နိုင်ပါတယ်။ ဆွေးနွေးပွဲကို ဝန်ကြီးချုပ် လီကျင့်လည်း တက်ရောက်ခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက် တိုးတက်လာစေဖို့မျှော်မှန်းပြီး ခုလို နိုင်ငံရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ တွေ့ခဲ့ကြတာလို့လည်း ဆိုကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီဆွေးနွေးပွဲက ကွန်မြူနစ်ပါတီအနေနဲ့ နိုင်ငံစီးပွားရေးတိုးတက်မှုမှာ အဓိကအကျဆုံးပါဝင်ဆောင်ရွက်နေတဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍက ကုမ္ပဏီတွေကို ပိုလို့ ထောက်ပံ့မှုတွေပြုလာမယ့် ရပ်တည်ချက်သဘောထားကို ပြသလိုက်တာပဲလို့ ဆိုရမှာပါ။
တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှေးကွေးလာခဲ့ကာ အလီဘာဘာအပါအဝင် ကုမ္ပဏီတွေမှာလည်း ဉာဏ်ရည်တုနည်းပညာလိုနယ်မြေတွေမှာ ရှီရဲ့ ခေါင်းဆောင်တွန်းအားပေးမှုနဲ့အတူ အာဏာပိုင်တွေအနေနဲ့လည်း ဆန့်ကျင်ဘက်ချဉ်းကပ်မှုတွေ နည်းလာတာပါပဲ။
ဉာဏ်ရည်တုနည်းပညာ အလားအလာအပေါ် အကောင်းမြင်မှုက တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက်တွေမှာလှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။ DeepSeek-RI လို ဈေးနှုန်းသက်သာပြီး နည်းပညာရင်ပေါင်တန်းနိုင်တဲ့ ဉာဏ်ရည်ကေးရှင်းကို တီထွင်နိုင်တာက တရုတ်နည်းပညာရဲ့တိုးတက်လာမှုကို ပြသလိုက်တာပါပဲ။
ဒါကြောင့်လည်း ရှီ ကိုယ်တိုင်လုပ်ငန်းရှင်တွေကိုခေါ်တွေ့ပြီး ပုဂ္ဂလိကစီးပွားရေးအတွက် အပြုသဘော ဆောင်တဲ့မူဝါဒကို အချက်ပြလိုက်တာပဲလို့ စင်ကာပူနိုင်ငံ၊ လူမှုသိပ္ပံတက္ကသိုလ်မှ အကြီးတန်းကထိက ဖြစ်တဲ့ You Chuanman က ပြောခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရအာဏာပိုင်တွေအနေနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍအပေါ် သူတို့ရဲ့ရပ်တည်ချက်ကို ဘယ်လောက်အတိုင်းအတာအထိ ပြောင်းလဲပေးမလဲဆိုတာတော့ အတိအကျမပြောနိုင်ကြသေးပါဘူး။
Ref- The Edge Singapore
