
၁၇. ၂. ၂၀၂၅
Written by Nyein Kyaw
လုပ်ငန်းတိုးချဲ့ခြင်း၊ စက်ပစ္စည်းနှင့်ကုန်ကြမ်းများ ဝယ်ယူလိုသော MSME လုပ်ငန်းရှင်များအတွက် တစ်နှစ်အတိုးနှုန်း အနည်းဆုံး ၃ ရာခိုင်နှုန်းနှင့် အများဆုံး ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးကြေညာထားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးနေကြောင်း သိရသည်။
ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital (မတည်ရင်းနှီးငွေ) အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ Working Capital (လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ) ၁၀၀ ရာခိုင်နှုန်း အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၄ ရာခိုင်နှုန်းနှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းတို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်၍ ချေးငွေများလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာထားသည်။
ပုံစာ- ယခုဖေဖော်ဝါရီလအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအား တွေ့ရစဉ်။
