



MT News
၁၇. ၂. ၂၀၂၅
PDF လက်နက်ကိုင်အဖွဲ့ဖြစ်သော ဗထူးတပ်မတော်က စီးပွားရေးသမားများနှင့်ပူးပေါင်း၍ သာဂရမြို့ဟောင်းအား အကွက်ရိုက်ရောင်းချရန် မြို့ရိုးများအား ဖျက်ဆီးနေမှုနှင့် လုံခြုံရေးယူပေးနေမှုအပေါ် ရှုတ်ချသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က အသိပေးချက် ထုတ်ပြန်လာသည်။
ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သောဗထူးတပ်မတော်မှ စီးပွားရေးသမားများနှင့် ပူးပေါင်း၍ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာရှိ ထားဝယ်ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သည့် သာဂရမြို့ဟောင်း မြို့ရိုးအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စက်ယန္တရားများ အသုံးပြုပြီး ဖြိုချဖျက်ဆီးနေခြင်းဖြစ်သည်။
ဗထူးတပ်မတော်သည် ကိုယ်ကျိုးရှာစီးပွားရေးသမားများအတွက် အင်အားသုံး လုံခြုံရေးယူပေးပြီး ထားဝယ်တစ်မျိုးသားလုံး၏ ဘူမိနက်သန်ဖြစ်သည့် သာဂရမြို့ဟောင်း ရှေးဟောင်းယဥ်ကျေးမှု ကာကွယ်ရေးဇုန်အတွင်း မြေကွက်ရိုက် ရောင်းချရန်ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။




မှတ်တမ်းများအရ သာဂရမြို့ဟောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော် သက္ကရာဇ် ၁၁၃ ခု၊ ခရစ်နှစ် ၇၅၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ထားဝယ်မင်း သုံးဆက်က လက်ဆင့်ကမ်း ပြုပြင်ထိန်းသိမ်း တည်ထောင်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် နေရာတစ်ခုဖြစ်သည်။
အဆိုပါ သာဂရမြို့ဟောင်းသည် ထားဝယ်လူမျိုးများ၏ ပထမဆုံး မြို့ပြယဥ်ကျေးမှု ထွန်းကားခဲ့သည့် အမြတ်တနိုးတန်ဖိုးထားရာ နေရာတစ်ခုဖြစ်သည့်အပြင် ထားဝယ်လူမျိုးစု၏ ကိုယ်ပိုင်ယဥ်ကျေးမှုနှင့် အမျိုးသားရေး လက္ခဏာများကို ရှာဖွေဖော်ထုတ်နိုင်သည့် အရေးပါဆုံး နေရာတစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် ယခုလို ထားဝယ်တစ်မျိုးသားလုံး၏ သမိုင်းအမွေအနှစ်ဖြစ်သည့် သာဂရမြို့ဟောင်းအား ဆင်ခြင်မဲ့စွာ ဖျက်ဆီးပစ်နေသည့် ဗထူးတပ်မတော်နှင့် ဝိသမလောဘသားများ၏ လုပ်ရပ်သည် ထားဝယ်လူမျိုးစုတစ်ရပ်လုံး၏ ကိုယ်ပိုင်ယဥ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို အောက်တန်းကျစွာ ဖျက်ဆီးပစ်သည့် လုပ်ရပ်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဗထူးတပ်မတော်၏ အဆိုပါလုပ်ရပ်အား ကျွန်ုပ်တို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထားဝယ်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ဗထူးတပ်မတော်၏ အဆိုပါလုပ်ရပ်ကို ပူးပေါင်းဆန့်ကျင်ကြရန်နှင့် ပါဝင်ကျူးလွန်သူများကို အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် DDMSC က တိုက်တွန်းထားသည်။
ဗထူးတပ်မတော်သည် ထားဝယ်နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီးဖြစ်သော ဒုတိယ- ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်နှင့် မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာနန္ဒာလွင်တို့ (၃)ဦးအား ယမန်နှစ် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ဖမ်းဆီးထားသော အဖွဲ့ဖြစ်ပြီး အပြစ်မဲ့ဆရာသုံးဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း လွှတ်မပေးသည့်အပြင် ယခု သာဂရမြို့ဟောင်းဖြိုဖျက်မှုကိုလည်း ဒေသခံလုပ်ငန်းရှင်များလုပ်သည်ဟုသာ ငြင်းဆိုထားမှု တွေ့ရသလို NUG ၏ တနင်္သာရီ PDF အဖွဲ့ကလည်း သာဂရမြို့ဟောင်းဖြိုဖျက်နေမှု မရပ်တန့်ပါက အရေးယူမည်ဟု ယမန်နေ့ကပင် ထုတ်ပြန်ထားသည်။
ပုံစာ။ သာဂရမြို့ဟောင်းကို ဖြိုဖျက်ရောင်းစားရန်လုပ်ဆောင်သည့် ဗထူးတပ်မတော်အပေါ် ရှုတ်ချစာနှင့်အကွက်ရိုက် ရောင်းစားခံရတော့မည်ဖြစ်သော သာဂရမြို့ဟောင်းနေရာပတ်လည် (Photo / CJ)