
၁၇.၂.၂၀၂၅
Written By Thandar
ကွယ်လွန်သူ Rock အဆိုတော် မာရဇ္ဇ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ သံစဉ်နဲ့ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုဖို့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းက ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံပိုင် သတင်းစာကတစ်ဆင့် တရားဝင်အသိပေး ကြေညာလာပါတယ်။
မာရဇ္ဇက အသက် ၅၈ နှစ်အရွယ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ကျောက်ကပ်ရောဂါနဲ့ လှိုင်မြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။
တေးသံရှင် မာရဇ္ဇမကွယ်လွန်မီ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ စာသားတွေ၊ သံစဉ်တွေကို ခွင့်ပြုချက်မရှိဘဲ ဘယ်နေရာမှာမှ သုံးစွဲခြင်းမပြုလုပ်ဖို့ တေးသံရှင် မာရဇ္ဇရဲ့ ဇနီး ဒေါ်စန်းစန်းဝင်းက ကြေညာထားပါတယ်။

ဒါ့အပြင် အဆိုတော် မာရဇ္ဇရဲ့ ရုပ်ပုံလွှာကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုဖို့လည်း ဇနီးဖြစ်သူက အသိပေးထားပြီးတော့ လိုက်နာခြင်းမရှိ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်မယ်လိုကြေညာထားပါတယ်။
အနုပညာ ဂီတသက်တမ်း ၃၀ ကျော်ရှိခဲ့တဲ့ Rock အဆိုတော် မာရဇ္ဇက မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင် အစရှိတဲ့ တေးစီးရီးတွေများစွာကို ထွက်ရှိခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ စတဲ့ တေးသီချင်းတွေက လူငယ်တွေအကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။