




၁၅.၂.၂၀၂၅
Written By Zun
မြဝတီဒေသ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသားများအား တစ်နေ့လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ် (၂) တံတားမှတစ်ဆင့် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်က နံနက်က ထိုင်း-မြန်မာ နယ်ခြား ကော်မတီ TBC တာဝန်ရှိသူများ အနေဖြင့် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့၊ လာ့ခ်ျမနူ ခြေမြန်တပ်ရင်းရှိ အစည်းအဝေးခန်းမ၌ ထိုင်း-မြန်မာ နယ်စပ်၊ မြန်မာနိုင်ငံ၊ မြဝတီဒေသအတွင်း ကျားဖြန့် လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအား ကူညီ ကယ်ဆယ်နိုင်ရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တစ်နေ့လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် ပြန်လည် ပို့ဆောင်ပေးမည့် အကြောင်းအရာအပြင် မြန်မာနိုင်ငံဘက်တွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသားများ၏ အချက်အလက်များကို အသေးစိတ်စာရင်းဆောင်ရွက်ပြင်ဆင်ထားရန်၊ မြန်မာနိုင်ငံဘက်မှ နေရပ်ပြန်မည့် နိုင်ငံခြားသားများ၏ စာရင်းပြုလုပ်ထားရန်၊ မြန်မာဘက်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့် နိုင်ငံခြားသားများ၏ စာရင်းကို ၃ ရက်မှ ၅ ရက်အတွင်း ကြိုတင်ပေးပို့ထားရန်၊ လူကုန်ကူးခံသူများအား နေရပ်နိုင်ငံပြန်လည်ပို့ဆောင်ရာတွင် အသင့်လက်ခံကြိုဆိုမည့် နိုင်ငံများ၏ စာရင်းကို ပထမ ဦးစားပေးဆောင်ရွက်ရန်၊ လက်ခံကြိုဆိုရေးအ တွက် အဆင်သင့်မဖြစ်သည့် နိုင်ငံများကို နောက်ဆုံးမှ စီစဉ်ရန် တို့ကို ဆွေးနွေးပွဲအတွင်း သဘောတူညီခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီ-မဲဆောက်ဒေသ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
လက်ရှိတွင် မြဝတီဒေသတွင်းရှိ ရွှေကုက္ကိုနယ်မြေတွင် BGF က ကျားဖြန့် တားဆီးနှိမ်နင်းရေးကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရှောင်တခင် စစ်ဆင်ရေး စတင်ခဲ့ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
