၁၅. ၂. ၂၀၂၅
Translated by Thettant
မြဝတီဒေသသို့ လူကုန်ကူးခံရသည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်းအမှု၌ ပါဝင်ပတ်သက်မှုရှိသော သံသယရှိသူ တရုတ်နိုင်ငံသား ၁၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသည့် သံသယရှိသူ ၁၀ ဦးသည် ရာဇဝတ်ဂိုဏ်းတစ်ခုမှဖြစ်ပြီး မြန်မာနိုင်ငံ မြဝတီမြို့တွင် တရုတ်နိုင်ငံသားများအား ပစ်မှတ်ထား၍ ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်နေသည်မှာ ကာလကြာမြင့်နေသူများဖြစ်သည်ဟု စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


၎င်းတို့သည် ဝမ်ရှင်းအား လိမ်လည်လှည့်ဖျားရန် ထိုင်းနိုင်ငံရှိ အနုပညာဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများအဖြစ် ဟန်ဆောင်ခဲ့ကြသည်။ ဝမ်အား ကယ်တင်နိုင်ခဲ့ပြီးနောက် ၎င်းတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံရှိ နေရာအသီးသီး၌ ၎င်းတို့ကို ဖမ်းဆီးနိုင်ခဲ့သလို တရားမဝင် ဝင်ရောက်လာမှုစွဲချက်တင်ထားကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် စုံစမ်းစစ်ဆေးရေးမှူး Thatchai Pitaneelaboot က အဆိုပါ သံသယရှိသူ ၁၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုထံ လွှဲပြောင်းပေးရန် ညွှန်ကြားထားကြောင်း သိရသည်။


တရုတ်သရုပ်ဆောင် ဝမ်ရှင်းသည် ဇန်နဝါရီ ၃ ရက်က ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့က ၎င်း၏လှုပ်ရှားမှုများကို ခြေရာခံခဲ့ကာ လူကုန်ကူးမှု၏ နစ်နာသူတစ်ဦးဖြစ်ခဲ့သော ၎င်းအား ဇန်နဝါရီ ၇ ရက်တွင် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အတည်ပြုခဲ့ပြီးနောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းအားထုတ်မှုများအရ ဇန်နဝါရီ ၁၀ ရက် ညပိုင်းတွင်မူ ၎င်းသည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဝမ်ရှင်း၏ဖြစ်ရပ်နှင့် ပတ်သက်၍ ယခင်ကလည်း တရုတ်နိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးလွှဲပြောင်းပေးထားပြီး ယခု ဖမ်းမိသူ ၁၀ ဦးမှာလည်း မြဝတီမြို့မှ ထွက်ပြေးလာစဥ် ထိုင်းရဲက ဖမ်းမိထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြဝတီမြို့ရှိ တရုတ်အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းများတွင် ပါဝင်ပတ်သက်သူ ၃၇၀၀ ကို ဖော်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
Ref , Xinhua & Khaosod
