၁၅. ၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်အတွင်း ဒေါ်လာ ၂၁ သန်းကျော်၊ တရုတ်ယွမ် ၁ သန်းခွဲကျော်နှင့် ထိုင်းဘတ် ၂ သန်းကျော် ထပ်မံထုတ်ရောင်းထား၍ ယခုဖေဖော်ဝါရီလ နှစ်ပတ်အတွင်း ဒေါ်လာ ၈၉ သန်းကျော်အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဒေါ်လာ ၂၁ ဒသမ ၄၂၃ သန်းနှင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဒေါ်လာ ၁၂၀,၀၀၀ ထပ်မံ ထုတ်ရောင်းပေးခဲ့သည်။ ယခုဖေဖော်ဝါရီလ ၃ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်းကျော်နှင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် သီးသန့်ဒေါ်လာ ၄၄ သန်း ထုတ်ရောင်းထား၍ စုစုပေါင်းဒေါ်လာ ၈၉ သန်းကျော် ထုတ်ရောင်းပေးထားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တရုတ်ယွမ် ၅၄၈,၀၀၀ ကျော်နှင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် တရုတ်ယွမ် ၁ သန်းထပ်မံထုတ်ပေးခဲ့၍ ယခုဖေဖော်ဝါရီလ နှစ်ပတ်အတွင်း စုစုပေါင်းတရုတ်ယွမ် ၃ ဒသမ ၆၉ သန်း ရောင်းချပေးခဲ့သည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထိုင်းဘတ် ၅၀၀,၀၀၀၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထိုင်းဘတ် ၅၉၇,၀၀၀ ကျော်နှင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထိုင်းဘတ် ၉၅၁,၀၀၀ ကျော် ထပ်မံထုတ်ရောင်းပေး၍ ယခုဖေဖော်ဝါရီလ နှစ်ပတ်အတွင်း စုစုပေါင်းထိုင်းဘတ် ၃ သန်းကျော် ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ယနေ့တွင် တစ်ဒေါ်လာ ၄,၅၀၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၁၈ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခုဖေဖော်ဝါရီလဆန်းပိုင်းထက် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သလို နိုင်ငံခြားငွေဈေးနှုန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။
