




၁၄. ၂. ၂၀၂၅
Written by Thettant
မြန်မာအမျိုးသမီးဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ကျင်းပတဲ့ One Friday Fight 97 ပြိုင်ပွဲမှာ ချီလီနိုင်ငံသူ ဖရန်စ္စကာဗီရာနဲ့ ထိုးသတ်ခဲ့ရာမှာ အလဲထိုးမခံရတာ ကံကောင်းမှုနဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးခဲ့ပါတယ်။
ထိုင်းဘုရင့်ဖလား နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ခဲ့တဲ့ ဘရော်နီကာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကမှ One Championship မှာ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်ထိုးသတ်ဖို့ နှစ်နစ်ခွဲ စာချုပ်ချုပ်ဆိုထားပြီးပြီဆိုတာကို အသိပေးခဲ့တာဖြစ်ပြီး စာချုပ်ချုပ်ပြီး တစ်ပတ်မပြည့်ခင် ပွဲရခဲ့တာပါ။ ပြိုင်ဘက် ချီလီသူ Francisca Vera ဟာ အသက် ၂၅ နှစ်ရှိပြီး အရပ်အမြင့် ၅ ပေ ၇ လက်မပါ။ One Friday Fight ပြိုင်ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးရှိသူဖြစ်ပြီး One မှာ ချန်ပီယံဖြစ်ချင်တဲ့ မြန်မာ့ကယန်းကျားသစ်မယ်က အသက် ၂၈ နှစ်ဖြစ်ပြီးတော့ အရပ်အမြင့် ၅ ပေ ၅ လက်မသာရှိလို့ ပြိုင်ဘက်က အလုံးအရပ် အနည်းငယ်သာပါတယ်။ ဘရော်နီကာက ထိုင်းဖိုက်က စီစဉ်ကျင်းပလေ့ရှိတဲ့ ထိုင်းဘုရင့်ဖလားမှာ ပွဲ ၂၀ ထိုးသတ်ထားရာမှာ အလဲထိုး ၉ ပွဲအပါအဝင် ၁၈ ပွဲနိုင်ပြီး ၂ ပွဲကို အမှတ်နဲ့ရှုံးထားလို့ မဖြစ်နိုင်တဲ့ အခြေအနေကြမှ ဗီရာနိုင်မှာလို့ ထိုင်းမီဒီယာတွေ ရေးပေမဲ့ ဘရော်နီကာက စိတ်ပျက်စရာ ရှုံးတာပါ။
ပထမအချီမှာ ဗီရာက လိုက်ထိုးတာပါ။ ဘရော်နီကာက အကဲစမ်းဆဲအဆင့်နဲ့ ထိုးပေမဲ့ ကွဲသွားတာက ဗီရာပါ။ ဒါပေမဲ့ ဒုတိယအချီက ဗီရာ့ပွဲဖြစ်ပြီး ဘရော်နီကာ အလဲထိုးမခံရအောင် တောင့်ခံရပြီး ထိုင်းဘုရင့်ဖလားနှစ်ကြိမ်ဆက်ချန်ပီယံက ဘယ်သူလဲ မေးရအောင် ရုပ်ပျက်ဆင်းပျက် ဖိအားအပေးခံရ အလဲထိုးမခံရရုံပါပဲ။ ဒုတိယအချီမှာ ပိတ်အထိုးခံနေရတဲ့ ဘရော်နီကာက တတိယအချီမှာလည်း ချန်ပီယံဆိုတာ ဘယ်သူလဲ မေးရလောက်အောင် စိတ်ပျက်စရာဖြစ်နေပြီး ဝိတ်ချထိုးရတဲ့ဖိအားခံနေရသလိုဖြစ်နေပြီး ဘယ်လိုမှ မလှန်နိုင်တော့တာပါ။
ဒီနေ့ ချစ်သူများနေ့ဟာ သမီးရည်းစားစုံတွဲတွေအတွက်သာမက လက်ဝှေ့ချစ်သူတွေအတွက်ပါ ရင်ခုန်စရာနေ့လည်းဖြစ်လာတာပါ။ ဒီလိုပါပဲ။ ဘရော်နီကာလို ချန်ပီယံကို လှလှပပထိုးပြီး အနိုင်ယူခဲ့တဲ့ ဗီရာကို One က ဘတ် ၃၅၀၀၀၀ ဆုချသလို ဘရော်နီကာကိုလည်း ဘတ် ၃၅၀၀၀၀ တော့ ဆုချပါသေးတယ်။
ဒါပေမဲ့ ဒီ ဆုချမှုက ချတ္ထရီရဲ့ ဝံ့ကြွားမှုလို့ ပြောရမှာဖြစ်ပြီး ထိုင်းဘုရင့်ဖလားချန်ပီယံက သူ့ One ရဲ့ အောက်တန်းအဆင့်တောင် ကံကောင်းလို့ အလဲထိုးမခံရတာဆိုတာမျိုး။