



၁၄.၂.၂၀၂၅
Written By Thandar
Hunk Film Production က အက်ရှင် ဒရာမာ ရိုမန့်ဇာတ်လမ်းပုံစံ “ဝင်္ကပါ ကွန်ရက် ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီက ရန်ကုန်မြို အလုံမြို့နယ်ရှိ အိမ် တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့က ဝင်္ကပါကွန်ရက်ကို စရိုက်ပြီးလို့ ကန်တော့ပွဲပေးတဲ့အစီအစဉ်လေးပါ။ ဒီကားက အက်ရှင်ဒရာမာ ရို့မန်ဇာတ်လမ်း အမျိုးအစားလေးပါ။ အမှန်အတိုင်းပြောရရင် ကိုယ်တိုင်ရိုက်ချင်လို့ ရေးထားတာ တော်တော် ကြာပြီ။ ဒီကားကို ဇာတ်လမ်းတွဲအနေနဲ့ ပုံဖော်ဖြစ်သွားတော့ ဇာတ်တွေ ထပ်ဖြည့်ထားရတာတွေလည်း ပါပါတယ်။ တကယ်တော့ ကိုယ်က အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ၂/၂၀၀၃ သင်တန်းမှာ တက်ခဲ့တယ်။ တော်တော်ကြာပါပြီ။ ကိုယ်တိုင် ရိုက်ကူးရေးပိုင်းဝါသနာပါတာ သူငယ်ချင်းတွေ မြှောက်ပေးလို့ မော်ဒယ်လ်လောကထဲ ရောက်သွားတာပါ။ ဒါရိုက်တာအနေနဲ့ ကျွန်တော့်ရဲ့ ၃ ကားမြောက်ကားလေး ဖန်တီးရမှာမို့ ပီတိဖြစ်ရပါတယ်”လို့ ဒါရိုက်တာ မိုးယံဇွန်က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်ကရေးသားပြီးတော့ AD စိုပြေဟိန်း၊ DOP မိုက်တိုင်ဆန်နဲ့ ကိုသားငယ်၊ ဒါရိုက်တာ မိုးယံဇွန်က အက်ရှင်ရိုမန့် ဒရာမာဇာတ်လမ်းပုံစံနဲ့ ဖေဖော်ဝါရီ ၁၁ ရက်ထဲက ရန်ကုန်မြို့နဲ့ သန်လျင်မြို့နယ်တို့မှာ စတင်ရိုက်ကူးနေလျှက်ရှိတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကောင်းပြည့် ၊ ချာလီ၊ အောင်လေး၊ ဘုန်းသျှံ၊ ကောင်းစစ်သွေး၊ မင်းတေဇ၊ ဟိန်းတေဇ၊ ဆက်ထူးသစ်၊ ဥဩသံသာ၊ နေနွယ်ဇင်လင်း၊ သီရိကျော်၊ ချယ်ချယ်၊ ယွန်းသဒ္ဒါခြယ်၊ အေးသီတာ၊ သက်ထားရွှေ၊ နွယ်နီဝင်း၊ သက်မြတ်ဝေ၊ ယုမြတ်နိုးတို့က ပါဝင်ကြမှာဖြစ်ပါတယ်။
အပိုင်း ၂၀ စာ ပါဝင်မယ့် “ဝင်္ကပါကွန်ရက်” ဇာတ်လမ်းတွဲကိုတော့ မကြာခင်မှာ ရုပ်သံလိုင်းတွေကတစ်ဆင့် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
