
MT News
၁၂. ၂. ၂၀၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(တုံးဗျောကြီး)မှ ကျောင်းသားများ လိုက်ပါလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (တုံးဗျောကြီး)မှ မူလတန်းပြဆရာ ၁ ဦးနှင့် ကျောင်းသား ၆ ဦးတို့သည် စာမေးပွဲများ ဖြေဆိုရန်အတွက် လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(တောင်ဖီလာ)သို့ မော်တော်ယာဉ် ၁ စီးဖြင့် ထွက်ခွာလာစဉ် တုံးဗျောကြီး ကျေးရွာ၏ ၃ မိုင်ခန့်အကွာ တောင်ပုကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းသားများအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်း တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၂ ဦးအား မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကာ မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
