၁၁.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI) က ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ အပါအဝင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့(BGF) ရဲ့ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ ကြိုးစားနေတယ်လို့ ထိုင်းသတင်းတွေက ဆိုကြပါတယ်။
DSI ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက လူမှောင်ခိုကုန်ကူးမှုတစ်ခုအတွက် သက်သေအထောက်အထားတွေကို ဒီနေ့မှာ အစိုးရရှေ့နေတွေကို တင်ပြမှာပါ။ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီခရိုင်အတွင်းမှာရှိတဲ့ ကျားဖြန့်စခန်းတစ်ခုမှာ အဓမ္မဖမ်းဆီးခံရပြီး အလုပ်လုပ်နေရတဲ့ အိန္ဒိယဓားစာခံတွေကို ကယ်တင်နိုင်အပြီးမှာ အခုလို ဆက်စပ်နေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်တွေကို ဥပဒေကြောင်းအရ ဖမ်းဆီးနိုင်ဖို့လည်း သူတို့က ဆွေးနွေးကြမှာပါ။ နယ်ခြားစောင့်တပ်ဖွဲ့က မြဝတီခရိုင်ကို ထိန်းချုပ်ထားတာပါ။
ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် ရန်ဆီမန်ရုမ်းက အိမ်နီးချင်းနိုင်ငံတွေအတွင်း ကျားဖြန့် အွန်လိုင်း လိမ်လည်မှု စခန်းတွေကိုထိန်းချုပ်နိုင်ဖို့ အစိုးရအနေနဲ့ ပိုမိုထိရောက်တဲ့ဆောင်ရွက်မှုတွေပြုဖို့ တောင်းဆိုခဲ့အပြီးမှာ ခုလိုဆောင်ရွက်မှုတွေ တွေ့လာရတာပါ။ ရန်ဆီမန်က ဒီပြဿနာက အားစိုက်ဆောင်ရွက်မှု မရှိဘဲနဲ့ မပြေလည်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။
ရန်ဆီမန်က အရင်ကလည်း ရွှေမြစ်သောင်းရင်း စက်မှုနဲ့ကုန်ချောထုတ်လုပ်ရေးကုမ္ပဏီ (SMTY) ဟာ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ ရေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဘာစုံစမ်းစစ်ဆေးမှုမှ မရှိခဲ့ဘူးလို့ သူက ဆိုခဲ့ပါတယ်။ SMTY က နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ မြဝတီခရိုင်အတွင်း အမှတ် (၂) စစ်ဒေသမှာ နယ်ခြားစောင့်တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူး စောတင်ဝင်းက ပိုင်ဆိုင်တည်ရှိတယ်လို့ ဆိုပါတယ်။
ရန်ဆီမန်က နယ်ခြားစောင့်တပ်ဖွဲ့ဟာ ထိုင်းပြည်သူတွေနဲ့တကွ ကမ္ဘာတစ်ဝန်းကပြည်သူတွေကို အန္တရာယ်ဖြစ်စေခဲ့တဲ့ အွန်လိုင်းလိမ်လည်ရေး ကျားဖြန့်စခန်းတွေအခြေချဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ မြေနေရာကို မြဝတီခရိုင်အတွင်းရှိ ရွှေကုက္ကိုလ်ရွာမှာ ခွင့်ပြုခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။သူက ဒီကိစ္စက ငွေအတွက် သက်သက်မဟုတ်တော့ဘဲ လူတွေကို ကျားဖြန့်စခန်းတွေမှာ ကျွန်တွေလို ခိုင်းစေမှုပြုတာလို့လည်း ပြောခဲ့ပါတယ်။
ရန်ဆီမန်က ထိုင်းအစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ခုအချိန်မှာ စောချစ်သူကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ အချိန်ကျပြီလို့လည်း ပြောခဲ့ပါတယ်။ သူ့ရဲ့ ထိုင်းနိုင်ငံပြင်ပက ဆောင်ရွက်မှုတွေက ထိုင်းနိုင်ငံမှာ ထိခိုက်ခံစားရတာကြောင့် အစိုးရအနေနဲ့ စောချစ်သူကိုဖမ်းဖို့ တာဝန်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ရန်ဆီမန်က “စောချစ်သူဟာ ထိုင်းနိုင်ငံဘက်ကို လာဘ်ပေးမှုတွေပြုလုပ်နေပြီး ထိုင်းအစိုးရအရာရှိတွေရဲ့ လျှို့ဝှက်ချက်တွေကိုတောင် သိရှိသူဖြစ်တယ်။ တကယ်လို့ စောချစ်သူကို ဖမ်းဆီးခဲ့ရင် ဆက်စပ်နေသူအားလုံးကို ဖော်ထုတ်နိုင်မှာဖြစ်တယ်။ သူ့ကို ဖမ်းဆီးခဲ့ရင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ဖြစ်ပွားရာနေရာကို နှိမ်နင်းနိုင်ရုံမက လာဘ်စားမှုပြုတဲ့ ထိုင်းအစိုးရအရာရှိတွေကိုပါ ဖော်ထုတ်နိုင်မှာမို့လို့ ထိုင်းအစိုးရက အမြန်ဆောင်ရွက်သင့်တယ်” လို့ တိုက်တွန်းခဲ့ပါတယ်။
Ref- Thai Enquirer
