ပုံစာ။ ထိတွေ့တိုက်ပွဲအတွင်း သေဆုံးသူ TYK (သရက်ကန်) ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ပုံရိပ်။
၁၁. ၂. ၂၀၂၅
Written by Nay Moe
ပခုက္ကူမြို့က တပ်မ (၁၀၁) စစ်ကြောင်းကို PDF ဆယ်ဖွဲ့ကျော်ဝိုင်းတိုက်ခိုက်ရာမှာ နှစ်ဖက်အပြန်အလှန်သေဆုံးမှုရှိခဲ့ပြီး PDF ဘက်က သရက်ကန်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက အခု ထုတ်ပြန်ပါတယ်။




ဖေဖော်ဝါရီ ၃ ရက်ကနေ ၉ ရက်အထိ မြိုင်နယ် အနောက်တောင်ပိုင်းနဲ့ ပေါက်နယ် အရှေ့မြောက်ကို ထိုးစစ်ဆင် နယ်မြေရှင်းလင်းနေပြီး အညာမြေတပ်ပေါင်းစုရဲ့ စခန်းတစ်ခုကို ရှင်းလင်းသွားတဲ့ အင်အား ၃၀၀ ခန့်ပါ ပခုက္ကူတပ်မ (၁၀၁) စစ်ကြောင်းကို PDF ဆယ်ဖွဲ့ကျော်က ပေါက်မြို့နယ်ရွာက ပြန်လည်ထွက်ခွာလာတဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်မှာ ဝိုင်းတိုက်ခဲ့ကြတာပါ။ ဒီတိုက်ခိုက်မှုက ပေါက်မြို့နယ်၊ ကျောက်လုံးကျေးရွာအနီးမှာဖြစ်ပြီး နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီနေ့ ည ၁၀ နာရီခန့်မှာပဲ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာ ထပ်မံထိတွေ့မှု ဖြစ်ပွားပြီး ဒီ ထိတွေမှုနှစ်ခုမှာ စစ်ကြောင်းဘက်က ၃ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်ပြောပေမဲ့ MT News က မြေပြင်အတည်မပြုနိုင်ပါဘူး။





ဒီတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနဲ့ အတူ TYK (သရက်ကန်)ပျောက်ကြားတပ်ဖွဲ့၊ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ မြိုင် ပကဖ၊ မြိုင် ပကဖ(တပ်ရင်း ၁) ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၊၂၊၇၊ စင်္ကြာတပ်ဖွဲ့ ၊ Union brother ၊ God of Myaing၊ နံ့သာမြေယက္ခ စတဲ့ အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ TYK (သရက်ကန်) ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုမြင့်သူ (ခ)ကိုကုလား သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
