
၉.၂.၂၀၂၅
Written by Hey Mar
ပထွေးနဲ့ မိခင်အရင်းက ရိုက်နှက်လို့ အသက် တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး မနေ့က ဖေဖော်ဝါရီ ၈ ရက် မနက် ဆယ်နာရီကျော်အချိန်မှာ သေဆုံးခဲ့တဲ့ ဖြစ်စဉ် မန္တလေးတိုင်း ၊ မိတ္ထီလာမြို့၊ ရတနာမာရ်အောင် နယ်မြေ အပိုင်း (၄)မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ ဒေသခံတစ်ဦးထံကနေ စုံစမ်းသိရှိရပါတယ်။

အဆိုပါ မိခင်နဲ့ ပထွေးမှာ ပလုံကောက်တဲ့ အလုပ်ကိုင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေကတည်းက မိတ္ထီလာမြို့ ရှစ်နာရီစျေး (ဘဲကန်စျေး)နားမှာ ကလေးငယ်ကို ရိုက်နှက်နှိပ်စက်နေတာကြောင့် ဒေသခံ တချို့နဲ့ စကားအခြေအတင်ဖြစ်ပွားကြကြောင်း၊ မိခင်အရင်းပါဆိုပြီး ပြောသည့်အတွက် ကလေးအတွက် လက်လျှော့ခဲ့ကြကြောင်းနဲ့ တစ်နေ့က ဖေဖော်ဝါရီ ၇ ရက်မှာတော့ မိခင်ဖြစ်သူက ဘေးအနီးအနားက အမျိုးသမီးတစ်ဦးကို သူ့သမီး အအေးပတ်ထားလို့ နေမကောင်းကြောင်း၊ ဆေးဝါးအကူအညီတောင်းရာကနေ ကလေးနှိပ်စက်ခံထားရတာကိုသိရှိကြပြီး မနေ့က ၈ ရက်နေ့မနက် ဆယ်နာရီခွဲမှာတော့ ကလေးသေဆုံးခဲ့တဲ့အတွက် တာဝန်သိပြည်သူတွေက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြတာလို့ သိရပါတယ်။

“အခု ရဲစခန်းမှာ ကလေးအမေကို ရဲမေတွေ ပါဝင်တဲ့ အဖွဲ့က စစ်နေတုန်း။ ပထွေးလုပ်သူက အချုပ်ခန်းထဲမှာ။ မိခင်ကို အရင်စစ်နေတာ” လို့ ဒီနေ့ အပိုင်နယ်မြေ ရဲစခန်းက စစ်ဆေးနေမှု အခြေအနေကို ဒေသခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက MTNews ကို ပြောပါတယ် ။
အဆိုပါ အမှုကို ခရိုင်(ဒ/န) အဖွဲ့မှ ဖမ်းဆီးထားပြီး၊ အပိုင်နယ်မြေရဲစခန်းထံ အပ်နှံထားကာ ဒီနေ့မှာ အမှုဖွင့်အရေးယူ စစ်ဆေးနေတာ ဖြစ်ပါတယ်။
သေဆုံးသူ ကလေးနာမည်မှာ သူချစ်ခင် လို့ သိရပြီး မိခင်မှာ ပြည့်စုံဝင်း(ခ) ပေါက်စ အသက် (၂၅) နှစ် ဖြစ်ကာ၊ မိခင်ရဲ့ နောက်အိမ်ထောင် ကလေးရဲ့ ပထွေးဖြစ်သူက ရန်နိုင်စိုး (ခ)အနွက်လဟ (၃၆) နှစ်လို့ သိရပါတယ်။ သေဆုံးသူကလေးငယ်ရဲ့ ဖခင်အရင်းမှာ ထောင်ကျနေတယ်လို့လည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းကလည်း အိမ်ထောင်ကွဲဖခင်နဲ့ အတူပါလာသူ အသက် (၆) နှစ်အရွယ် သမီးငယ်တစ်ဦး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ ရှမ်းဘုရားအနီး နေအိမ်မှာ ကလေးဖခင်ရဲ့ အစ်ကို၊ ကလေးငယ်ရဲ့ ဘကြီးတော်သူစပ်ရဲ့ဇနီးက ဝါးရိုးတပ် တံမြက်စည်းနဲ့ ရိုက်နှက်ရာက ကလေးသေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
