
၉. ၂. ၂၀၂၅
Written by Thettant
Galaxy Star ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် စောအယ်စေးမူးဟာ မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ ထိုင်းနိုင်ငံဆီရောက်ရှိချိန် ဆိုင်ကယ် မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
စောအယ်စေးမူး ကွယ်လွန်မှုအပေါ် ဇွဲကပင်မြေ ဘားအံပညာရေး စီမံကိန်းကလည်း “ဇွဲကပင်မြေ ဘားအံပညာရေး စီမံကိန်း အမှတ်စဥ် (၄) မှ ကျောင်းသားဟောင်းဖြစ်သူ Saw Eh Say Moo သည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆုံးပါးသွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါသည်။ Saw Eh Say Moo တစ်ယောက် တမလွန်မှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဇွဲကပင်မြေ ဘားအံပညာရေး စီမံကိန်း မိသားစုမှ ဝမ်းနည်းမေတ္တာ ပို့သအပ်ပါသည်။”လို့ ဆုတောင်းနုတ်ဆက်စကားဆိုခဲ့ပါတယ်။

“ညီလေးရေ ဘယ်လိုယုံရမလဲကွာ။ မင်းရဲ့ အနုပညာအပေါ်ထားတဲ့ စိတ်လေးကို လေးစားသလို။ မင်းကိုလည်းအရမ်းလေးစားတယ်ညီလေးရေ။ အကြွေစောလွန်းလိုက်တာညီလေးရာ”လို့ အဆိုတော်ကောင်းကောင်းကလည်း ဝမ်းနည်းစကားဆိုထားပါတယ်။
စောအယ်စေးမူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ဂျပန်နိုင်ငံကနေ ထိုင်းနိုင်ငံပြန်လာသူဖြစ်ပြီး သူ့ကွယ်လွန်မှုက ချင်းမိုင်မှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးတာလို့ ကရင်တိုင်းရင်းသားတွေအကြား ရေးသားနေပေမဲ့ မိသားစုဘက်က သတင်းပြောလာတာ မရှိသလို့ သူ့ Facebook ကိုလည်း ဖျက်ထားပြီး စျာပနအစီအစဥ်၊ ဆက်လက်လုပ်ဆောင်မှုလည်း မသိရသေးပါဘူး။ စောအယ်စေးမူးဟာ ထောက်ပို့အဖြစ်နဲ့ ရန်ပုံငွေပွဲတွေ သီချင်းတွေ သီဆိုကူညီတတ်သူလည်း ဖြစ်လို့ လက်နက်ကိုင် ထောက်ပို့တွေနဲ့ Karen Vibes Page ကလည်း “ကရင်အလံအောက်မှာ စုစည်းကြဖို့ စည်းလုံးကြဖို့ တိုက်တွန်းခဲ့တဲ့ တော်လှန်အနုပညာရှင်”လို့ နာမည်တပ်ပြီး စောအယ်စေးမူး ကွယ်လွန်မှု အတည်ပြုဝမ်းနည်းနေကြတာ တွေ့ရပါတယ်။

Photo – Credit