
၉.၂. ၂၀၂၅
Translated by Thettant
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ထဲကို ထိုင်းနိုင်ငံကတစ်ဆင့် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျပန်နိုင်ငံသား လေးဦးကို မဲဆောက်ခရိုင် ရဲတပ်ဖွဲ့က မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ အမျိုးသားလေးဦးကို ဖေဖော်ဝါရီ ၇ ရက်က ဖမ်းဆီးခဲ့ပြီး သူတို့ဟာ ရာဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ပြစ်မှုတွေအတွက် ဂျပန်နိုင်ငံက အလိုရှိနေသူတွေဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ စစ်ဆေးရေးမှူးချုပ် ရဲချုပ် သက်ချိုင်း ပီတာနီလာဘတ် အတည်ပြုခဲ့ပါတယ်။

မြန်မာနယ်စပ်က လူကုန်ကူးမှုနဲ့ ကျားဖြန့် ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ ဖြေရှင်းဖို့ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ထိုင်း-မြန်မာနယ်စပ်က မှောင်ခို လမ်းကြောင်းတစ်လျှောက် ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာပါ။ ဒီအချိန်မှာဂျပန်နိုင်ငံက သံသယရှိသူတွေဟာ ဇန်နဝါရီ ၃၁ ရက်က မဲဆောက်မြို့ဆီ ဗင်ကားနဲ့ ထွက်ခွာလာပြီး ဟိုတယ်တစ်ခုမှာတည်းခိုကာ နောက်ရက်မှာ တက္ကစီနဲ့ ပြန်ထွက်လာပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး Rim Moei Market ဈေးအရောက် ခရီးသွားတွေနဲ့ ရောနှောကာ ပျောက်ဆုံးသွားခဲ့တာပါ။
အဲဒီနေ့ နံနက် ၁၁ နာရီမှာပဲ မြဝတီတံတားကတစ်ဆင့် ထိုင်းနိုင်ငံဘက် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့တာပါ။ အဲဒီမြန်မာနိုင်ငံသားဟာ ဂျပန်အမျိုးသားတွေရဲ့ ခရီးဆောင်အိတ်တွေကို ဟိုတယ်ကနေယူပြီး ထိုင်းအကောက်ခွန် မရှင်းလင်းဘဲ မြန်မာနိုင်ငံဘက်ကို ပြန်သွားခဲ့တာပါ။
ဒါကြောင့် ဒီ ဂျပန်နိုင်ငံသားတွေဟာ နယ်စပ်ကိုတရားမ၀င်ဖြတ်ကျော်ဝင်ရောက်ပြီး နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှု၊ ဒါမှမဟုတ် ဂျပန်နိုင်ငံသားတွေကို ရည်ရွယ်တဲ့ အွန်လိုင်းခေါ်ဆိုလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ဖွယ်ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအတွက်ဂျပန်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ သူတို့လေးဦးဟာ ဂျပန်နိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုများစွာအတွက် အလိုရှိနေသူတွေဖြစ်တယ်လို့ သိခဲ့ရသလို သူတို့ရဲ့ ရာဇ၀တ်မှုမှတ်တမ်းတွေနဲ့ ဖမ်းဝရမ်းအများအပြားကိုပါ အတည်ပြုနိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သူတို့ ထိုင်းနိုင်ငံသို့ ပြန်ရောက်ချိန် ချက်ချင်း ဖမ်းဆီးလိုက်ပြီး ခရီးသွားဗီဇာကိုပါ ရုပ်သိမ်းလိုက်တာပါ။
လက်ရှိမှာတော့ သံသယရှိသူ ဂျပန်နိုင်ငံသားလေးဦးကို မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Soi Suan Phlu လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာကို လွှဲပြောင်းပေးနိုင်ဖို့ ကနဦးစီးစဥ်ထားတယ်လို့ သိရပါတယ်။
Ref & Photo The Thaiger & The Nation Thailnd
