
MT News
၉. ၂. ၂၀၂၅
စာအုပ်နဲ့ ပန်းချီအနုပညာချစ်မြတ်နိုးသူတွေနဲ့ စိတ်ဝင်စားကြသူတွေ တစ်နေရာတည်းမှာ စုံလင်စွာလေ့လာကြည့်ရှုဝယ်ယူနိုင်ကြမယ့် ပထမအကြိမ် “MMC စာအုပ်နှင့် ပန်းချီအရောင်းပြပွဲ”ကို လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၃ ရက်အထိ ရန်ကုန်မြို့ ဘောက်ထော်ရှိ မြဝတီမီဒီယာစင်တာမှာ ခင်းကျင်းပြသ ရောင်းချသွားမှာပါ။
ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမယ့် အဆိုပါ စာအုပ်နဲ့ ပန်းချီအရောင်းပြပွဲကို ၇၈ နှစ် မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကျင်းပတာလို့လည်း သိရပါတယ်။
ဒီပြပွဲမှာ အထူးအစီအစဉ်တွေပါထည့်သွင်းထားသလို စာရေးဆရာတွေ၊ ပန်းချီဆရာတွေနဲ့ ပရိသတ်တွေ တွေ့ဆုံမိတ်ဆက်မေးမြန်းတဲ့အစီအစဉ်တွေ၊ Live ရေးဆွဲမဲ့ ရုပ်ပြောင်ပန်းချီကယ်ရီကေးချား အစီအစဉ်တွေနဲ့ အခြားစိတ်ဝင်စားစရာတွေပါ ထည့်သွင်းထားတဲ့အပြင် အရောင်းပြပွဲလာပရိသတ်တွေ အလွယ်တကူ စားသောက်နိုင်ဖို့အတွက် စားသောက်ဆိုင်တွေကိုပါ တွဲဖက်ဖွင့်လှစ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြဝတီမီဒီယာစင်တာ Public Access Media Centre မှာ စာအုပ်တွေကိုလည်း အထူးလျော့စျေးတွေနဲ့ ရောင်းချသွားမှာဖြစ်ပြီး အခြားသော စာအုပ်များစွာကိုလည်း အရောင်းပြပွဲကာလအတွင်း အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီပွဲဟာ မြဝတီမီဒီယာစင်တာဝင်းအတွင်း ပထမဦးဆုံးပြုလုပ်တဲ့ အရောင်းပြပွဲဖြစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးနဲ့ စာဖတ်သူတိုးပွားလာရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။