



၈. ၂. ၂၀၂၅
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ လောက သရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၇ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

SAC ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် လောကသရဖူဘုရားကြီးသို့ ရောက်ရှိကြပြီး အုတ်ပြဿာဒ်တော်အတွင်းရှိ လောကသရဖူရုပ်ပွားတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီးနောက် ဘုရားကြီးအတွင်းအပြင်နှင့် လောကသရဖူ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပ္ပါယ်ရာ အုတ်ပြဿာဒ်၏ အနောက်ဘက်ကပ်ရပ်တွင် တည်ထားပူဇော်သည့် မဟာလောကသင်းကျစ် စေတီတော်ကြီးတို့အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦများ ထိန်းသိမ်း ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘုရားကြီး၏ အတွင်းဘက်နံရံများပေါ်ရှိ မှန်စီရွှေချများသည် ခေတ်ကာလ ကြာမြင့်ပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် မူလလက်ရာမပျက် ပြန်လည် မွမ်းမံသွားရန်လိုကြောင်း၊ ဘုရားကြီးရင်ပြင်တော် မျက်နှာပြင်ညီညာမှုရှိစေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ ပြန်လည်သုတေသ ပြု၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းသာသနိက အဆောက်အဦများကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားကြီး ပတ်လည်ရှိ ဆွမ်းလောင်းစောင်းတန်းများကိုလည်း မူလလက်ရာမပျက်ပြန်လည်ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်သွားရန်လိုပြီး ရှေးဟောင်းလက်ရာနှင့် ရှေးဟောင်းယဉ်ကျေးမှု အမူအကျင့်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘုရားကြီးနှင့် သာသနိကအဆောက်အဦများအား နေ့ညမပျက် ဆီမီးပူဇော်နိုင်ရေးအတွက်လည်း ဆိုလာလျှပ်စစ်မီး ဆက်ကပ်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ လောကသရဖူဘုရားကြီးအား ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် ၉ ဆက်မြောက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးက အေဒီ ၁၇၃၀၊ သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားပြီး မပြီးစီးမီ နတ်စွာစံခဲ့သဖြင့် သားတော် မဟာဓမ္မရာဇာဓိပတိ ကြာသပတေးမင်း ဟံသာဝတီရောက်မင်းက အေဒီ ၁၇၃၃၊ သက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် ဆက်လက်ထုလုပ်ခဲ့ကာ အုတ်ပြဿာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
လောကသရဖူရုပ်ပွားတော်ကြီးသည် တစ်တုံးတည်သော စကျင်ကျောက်သားကြီးကို မြေအောက်တစ်ဝက်၊ မြေပေါ်တစ်ဝက် စိုက်ထူထုဆစ်ပူဇော်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၁၈ တောင် ၁ မိုက်၊ တင်ပလင်ခွေတော်အကျယ် ၁၂ တောင် ၁ မိုက်ဖြစ်ပြီး အလေးချိန်အားဖြင့် ၄၉၀ ဒသမ ၃၆ တန်ဖြစ်သည်။ သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်တွင် ကုန်းဘောင်မင်းဆက်ဖြစ်သော စဉ့်ကူးမင်းက စေတီတော်ကိုငုံ၍ ထပ်မံတည်ဆောက်ပူဇော်ခဲ့ပြီး ဘိုးတော်ဘုရား၏ သားတော်ပခန်းမင်းသား ဟံသာဝတီမင်းနှင့် ပုဂံမင်းတို့ကလည်း ပြုပြင်ခဲ့ကြကြောင်း၊ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ကြီးလှုပ်ခဲ့သဖြင့် မဟာလောကသင်းကျစ်စေတီတော်နှင့် လောကသရဖူရုပ်ပွားတော်ကြီး စံပ္ပါယ်ရာ အုတ်ပြဿာဒ်တော်တို့ မြေခခဲ့ရပြီး မင်းတုန်းမင်းက ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေအတိုင်း ဖူးတွေ့ရသည်မှာ စစ်ကိုင်းတောင်ရိုး ဒီပါအေးမြချောင် ဆရာတော် ဦးနန္ဒာသီရီ က သက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် ပြန်လည်ပြုပြင် တည်ဆောက် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခေတ်အဆက်ဆက်တာဝန်ရှိသူများက ဆက်လက်မွမ်းမံပြုပြင်ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် အင်းဝမြို့ဟောင်းရှိ မြို့ရိုးနှင့် ကျုံးတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရေးနှင့် ကျုံးအား ရှေးမူမပြတ်မွမ်းမံ၍ ပြန်လည်ထိန်းသိမ်းရန်လိုအပ်မှုအခြေအနေများနှင့် ပတ်သက်၍ SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပြီး တံတားဦး-အင်းဝ လမ်းပိုင်းရှိ မဟာဇေယျပထ-မောင်အို တံတားနှင့် အုတ်လမ်း အား ကြည့်ရှုစစ်ဆေးခဲ့သည်။
