(၇၇) နှစ်‌မြောက် တပ်မတော်နေ့အခမ်းအနားအားတွေ့ရစဉ်

၄. ၁၀. ၂၀၂၂
Written by Nay Moe

တပ်မတော်ထိပ်ပိုင်းအရာရှိကြီးများအတွင်း ရာထူးအပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့သည်ဟု MT News သတင်းဌာနက စုံစမ်းသိရသည်။

လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးအား မြန်မာ့စီးပွားရေးဦးပိုင် ပြောင်းရွှေ့လိုက်ကာ ၂၀၁၉ ခုနှစ်တွင်မှ စတင်တာဝန်ယူသည့် စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းအား မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ ‌ပြောင်းရွှေ့လိုက်သည့်အပြင် ဗိုလ်ချုပ်မျိုးမြင့်ကိုလည်း မြန်မာ့စီးပွားရေးဦးပိုင်သို့ ပြောင်းရွှေလိုက်သည်ဟု သိရသည်။ ထို့အတူ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်တင်မိုးနိုင်အား မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

အလားတူ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်အား အမှတ် (၄) စစ်ဆင်ရေးအထူးအမှူးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီး တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးအား စစ်ရေးချုပ်အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးအား တပ်မတော်စစ်ဆေးရေးအရာရှိချုပ်တာဝန် ပူးတွဲကိုင်တွယ်စေလိုက်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်အား အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ပေးအပ်လိုက်သည်ဟု သိရသည်။

အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးဗိုလ်မှူးချုပ်မင်းမင်းကိုအား ဒုတိယတပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် တာဝန်ပေးအပ်လိုက်သကဲ့သို့ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကြည်ခိုင်အား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်အား တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်သို့ တာဝန်ပေးအပ်လိုက်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီးဝင်းနောင်စိုးအား အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအဖြစ် တာဝန်ပေးအပ်လိုက်ပြီး တပ်မ ၈၈ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ကျော်ဟန်ကို တပ်မ (၇၇) ၏ တပ်မမှူးအဖြစ်သို့ တာဝန်ပေးအပ်လိုက်သည်ဟု MT News က စုံစမ်းသိရသည်။

တပ်မတော်၏ ထိပ်ပိုင်းရာထူးအပြောင်းအလဲများကို အများပြည်သူသို့ ထုတ်ပြန်လေ့မရှိသဖြင့် ရာထူးပြောင်းလဲမှုအသေးစိတ်အခြေအနေများကို MT News က ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *