CDM ဒုဗိုလ်အဖြစ်ဝင်ရောက်လာသူ ရဲရင့်အောင်အား တွေ့ရစဥ် (Photo-Captain Zero Facebook)

၄. ၁၀. ၂၀၂၂
Written by Nay Moe

ဒုဗိုလ်ဟုဆိုကာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)ထံ CDM ဝင်လာသူမှာ လူလိမ်ဖြစ်နေသည်ဟု Captain Zero က အောက်တိုဘာ ၄ ရက်တွင် ဖွင့်ချရေးသားထားသည်။

”အခုနောက်ပိုင်းမှာ CDM အယောင်ဆောင်ပြီး တော်လှန်ရေးဘက်ခြမ်းကိုနည်းမျိုးစုံနဲ့ ဝင်ရောက်ဖို့ကြိုးစားလာကြသူတွေရှိနေပါတယ်။ အစကတော့ ဒီကိစ္စကို တော်လှန်ရေး ဦးဆောင်လှုပ်ရှားသူတွေနဲ့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ အသိပေးခဲ့ပေမယ့် အခု Public မှာ ပြောချိန်တန်ပြီလို့ ယူဆတဲ့အတွက် ပြောပါမယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)ထံ အလင်းဝင် CDM လုပ်လာတယ်ဆိုတဲ့ ဒုဗိုလ် ရဲရင့်အောင် ဆိုသူကို interview ပြီး သတင်းဌာနတွေကနေ တင်လိုက်ပါတယ် ။ ဒီ interviewကို ကျွန်တော် ကြည့်ပြီးတဲ့အခါ မသင်္ကာစရာပုံစံဖြစ်နေတဲ့အတွက် သူ့ကိုစစ်ဆေးကြည့်ဖို့ သူရောက်ရှိနေတဲ့ တပ်ဖွဲ့ထံ ဆက်သွယ်ခဲ့ပါတယ် ။ သူနဲ့ ဆက်သွယ်စကားပြောကြည့်တဲ့အခါ ကြည်းနံပါတ်ကိုတောင်မှန်အောင် မပြောနိုင်သူ တစ်ယောက်ဖြစ်နေတာကို တွေ့ရပါတယ် ။ DSA တက်ခဲ့တယ်လို့ ပြောပြီး အပတ်စဉ် ဘယ်လောက်လဲ မေးကြည့်တဲ့အခါ တက်ခဲ့တဲ့အပတ်စဉ်ကို မမှတ်မိဘူးလို့ထပ်ပြောပါတယ်။ သူလိမ်နေတာတွေ ကျွန်တော်တို့ သိသွားပြီဆိုတာကို သိတာနဲ့ နောက်တစ်မျိုးပြောင်းလိမ်ပါတယ် ။ သူ့မိဘတွေက သူငယ်စဉ်ကတည်းက စစ်တပ်အရှေ့မှာ ထားခဲ့လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ တပ်သားသစ်ဖြစ်ပါတယ်တဲ့ ။ ၂၀၁၆ မှာ တပ်ထဲကနေပဲဆယ်တန်းအောင်ပြီး DSA လျှောက်ခဲ့ပေမယ့် ဆေးစစ်တဲ့အချိန်မှာ ဆေးကျလို့ တပ်ကိုပြန်လာခဲ့တယ်လိုဆိုပါတယ် ။ အဲ့ဒီအချိန် သူ့တပ်ထဲက ဒုဗိုလ်တစ်ယောက်က တပ်ထဲကနေ ထွက်ပြေးသွားတဲ့အတွက် အဲ့ဒီ ဒုဗိုလ်နေရာမှာ သူ့ကိုအစားထိုး ခန့်အပ်လိုက်တာဆိုပြီး ရုပ်တည်ကြီးနဲ့လိမ်ပါတယ်” ဟု Captain Zero က ဆိုသည်။

ထို့ပြင် CDM ဝင်လာသူအများစုမှာ တတိယနိုင်ငံသို့ သွားရောက်လို၍ ဝင်လာကြသူများဖြစ်ပြီး ထိုသို့ သွားရောက်ရန် CDM ဝင်လာသူ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းမှာလည်း တတိယနိုင်ငံသို့ မရောက်ရှိနိုင်သဖြင့် မြန်မာပြည်တွင်းသို့ ပြန်ဝင်ကာ အဖမ်းခံသွားကြောင်းလည်း Captain Zero က ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *