NUG ၏ အကြိမ် ၇၀ မြောက်အစည်းအဝေးတက်ရောက်လာသူများကို တွေ့ရစဥ်

၄. ၁၀. ၂၀၂၂
Written by Nay Moe

စစ်ပွဲ ကြာရှည်လာလေလေ အောက်ခြေပြည်သူလူထု ပိုပြီး အထိနာလေလေ ဖြစ်၍ ပွဲသိမ်းအောင်ပွဲကို အလျှင်အမြန် ဆင်နွှဲရန် လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက NUG ၏ ( ၇၀ ) ကြိမ်မြောက်အစည်းအဝေးတွင် ပြောသည်ဟု အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာ့နွေဦးတော်လှန်ရေး၏ အုတ်မြစ်မှာ ပြည်သူလူထုသာလျှင် ဖြစ်သည့်အတွက် NUG အဖွဲ့ဝင် ဝန်ကြီးများအနေဖြင့် ဖြစ်နိုင်လျှင် လူထုနှင့် ကာယကံမြောက် ထိတွေ့သင့်သော်လည်း အကြောင်းအရပ်ရပ်ကြောင့် လူကိုယ်တိုင် မထိတွေ့နိုင်ပါက အောက်ခြေ ပြည်သူလူထု၏ တကယ့်အဖြစ်သနစ်များနှင့် ဝေးကွာလို့ မရကြောင်း ဒူဝါလရှီးလက ဆိုသည်။

ထို့ပြင် မြေပြင် PDF များ အချင်းချင်း နားလည်မှုများ မကွဲလွဲအောင်၊ နိုင်ငံရေးအရ Timing တိုက်ထားကြရန်နှင့် NUG အဖွဲ့ဝင်များကို လူထုနှင့်ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လိုကြောင်း ဒူဝါလရှီးလက ပြောသည်။

”စစ်ပွဲ ကြာရှည်လာလေလေ အောက်ခြေပြည်သူလူထုက ပိုပြီး အထိနာလေလေ ဖြစ်တတ်ပါသည်။ ထိုကြောင့် ခုခံတော်လှန်စစ်၏ ပွဲသိမ်းအောင်ပွဲကို အလျှင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့ မရပါ။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း သိစေအပ်ပါသည်။ သက်ဆိုင်ရာ လူမျိုးစုမဟာမိတ်အဖွဲ့အစည်းများအားလုံးလည်း သိမှတ်စေရန် လိုပါသည်။လက်နက်ကိုင်တော်လှန်ရေးသည် အကဲဆတ်သောကြောင့် အချိန်ကာလတိုအတွင်းမှာ တဆစ်ချိုး အပြောင်းအလဲများ ရုတ်တရက် ချိုးကွေ့ ပြောင်းလဲတတ်သည်ကိုလည်း သတိချပ်ရန် လိုပါသည်” ဟု ဒူဝါလရှီးလက ဆိုသည်။

နွေဦးတော်လှန်ရေး တစ်နှစ်ခွဲကာလအတွင်း NUG က ရဟန်း၊ သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများ၊ ဆရာ၊ ဆရာမများ၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များ ၄၀၀၀ ခန့်ကို သူလျှိုဒလန်ဟု စွပ်စွဲသတ်ဖြတ်ထားကြောင်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။

ထိုနည်းတူ SAC ၏ လခရ ၂၀၀၀၀ ကျော်အား သတ်ဖြတ်ထားနိုင်ပြီး ၈၀၀၀ ကျော် ဒဏ်ရာရအောင် တိုက်ခိုက်ထားကြောင်း NUG မှ ဒူဝါလရှီးလနှင့် ဦးရည်မွန်တို့က ပြောထားသကဲ့သို AAPP ၏ ထုတ်ပြန်ချက်ကို ကိုးကား၍လည်း နွေဦးတော်လှန်ရေးကာလအတွင်း SAC ၏ လုံခြုံရေးတပ်ဖွဲ့များကြောင့် PDF များအပါအဝင် သေဆုံးရသူများမှာ ၂၃၀၀ ကျော် ရှိနေပြီဟုလည်း ပြောဆိုထားသည်။

ထို့အတူ နိုင်ငံပိုင် အဆောက်အအုံများ၊ လမ်းများ၊ တံတားများ၊ ယာဥ်များ၊ အစိုးရအဆောက်အအုံများ၊ တယ်လီဖုန်းတာဝါတိုင်များ ထောင်နှင့်ချီကို NUG က တိုက်ခိုက်ဖျက်ဆီးထားသကဲ့သို နှစ်ဖက်တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသည့် ပြည်သူ့အိမ် ၄၀၀၀၀ ခန့်ရှိနေပြီဖြစ်ကာ ပြည်သူတစ်သန်းခန့်မှာလည်း စစ်ဘေးဒုက္ခသည်များအဖြစ် စစ်ရှောင်နေရသည်။

Leave a Reply

Your email address will not be published. Required fields are marked *