၇.၂.၂၀၂၅.
Translated by Htwe Ko Tun
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတွင်းမှာရှိတဲ့ ရေခဲနဲ့ နှင်းထုအရင်းအမြစ်တွေကို ဆောင်းရာသီအားကစားအတွက်သာအဖြစ်ကနေ နှင်းထုကြား ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအထိ အသုံးဝင်မယ့် ဖွံ့ဖြိုးမှုတွန်းအားအသစ်တွေအဖြစ် ဖန်တီးဖို့ တက်ကြွစွာ စီမံခန့်ခွဲနေတယ်လို့ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက များမကြာမီက သူတို့ရဲ့ဆွေးနွေးပွဲမှာ ပြောခဲ့ကြပါတယ်။

တရုတ် ကမ္ဘာလှည့်ခရီးသွားအကယ်ဒမီရဲ့ ဥက္ကဋ္ဌ Dai Bin ကလည်း ခရီးသွားတွေအနေနဲ့ ရေခဲနဲ့ နှင်းထုနဲ့ဆက်စပ်နေတဲ့ အပန်းဖြေမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်လိုလာတဲ့အတွက် အခုလိုဖန်တီးလာရတာလို့ဆိုပါတယ်။ သူက “ခရီးသွားတွေဟာ သူတို့သွားမယ့်နေရာတွေ ရောက်ပြီဆိုရင် နေထိုင်ဖို့နေရာရှာကြတယ်။ စားသောက်စရာတွေ ရွေးကြတယ်။ ဒေသခံပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေပြုကြတယ်။ ဒီနယ်မြေရဲ့ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာကြတယ်။ဒါတွေက သူတို့ကိုဆွဲဆောင်တာပဲ” လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း ခရီးသွားတွေအတွက် ရေခဲနဲ့နှင်းထုအရင်းအမြစ်တွေကြား ခရီးသွားတာကို ဆောင်ရွက်လာခဲ့ရာမှာ ဆွဲဆောင်မှုတွန်းအားတစ်ရပ်အနေနဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟေလုံဂျန်ပြည်နယ် မြို့တော်ဟာဘင်မြို့မှာ နွေဦးရာသီပွဲတော်ကို သာဓကအဖြစ် ရှစ်ရက်ကြာကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်က ပြီးဆုံးခဲ့ပါတယ်။


ဒီပွဲတော်မှာ Harbin Ice-Snow World ခေါ်တဲ့ ဟာဘင် နှင်းနဲ့ ရေခဲကမ္ဘာအမည်ရှိပန်းခြံကိုတော့ လာရောက်လည်ပတ်တဲ့ ခရီးစဉ်ပေါင်း ၆၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ပန်းခြံထဲက လက်ရာမြောက်လှတဲ့ ရေခဲပန်းပုရုပ်တုလက်ရာတွေကိုလည်း လာရောက်ကြည့်ရှုသူတွေက ဖေဖော်ဝါရီလ ၁ ရက် တစ်နေ့တည်းမှာပဲ ခရီးစဉ် ၁၀၀,၀၀၀ ကျော်သွားခဲ့ပါတယ်။ ဒါက အရင်နှစ်စံချိန်ကိုချိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် ၂၀၂၅ ဆောင်းရာသီ အာရှအားကစားပွဲကိုလည်း ဟာဘင်မြို့မှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတင်တော့မှာဆိုတော့ ဟာဘင်မြို့အနေနဲ့ကတော့ ဒီနှစ်မှာ ပြည်တွင်းပြည်ပခရီးသွားတွေ ဆောင်းရာသီအတွင်း လာရောက်လည်ပတ်မှုစံချိန်တင်မယ်လို့ မျှော်လင့်ရပါတယ်။
အခုဆိုရင်တော့ ဟာဘင်မြို့အပြင် ဟေလုံဂျန်ပြည်နယ်တစ်ခုလုံးမှာလည်း ဒီလိုပဲ ရေခဲနဲ့နှင်းထုခရီးသွားလာရေးလုပ်ငန်း ဆွဲဆောင်မှုတွေ ပေါ်ပေါက်လာပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်အတွင်းမှာဆိုရင် ခရီးသွား သန်း ၅၀၀ ကျော်ဟာ ရေခဲနဲ့နှင်းထုခရီးသွားလာရေးလုပ်ငန်းမှာ ပါဝင်ခဲ့ကြပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကယ်ဒမီရဲ့ စီမံကိန်းလုပ်ငန်းတွေမှာ ယွမ် ဘီလျံ ၆၀၀(အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၇ ဘီလျံ)ခန့် သုံးစွဲခဲ့တယ်လို့ Dai ကပြောခဲ့ပါတယ်။
ဒါကြောင့်လည်း ရေခဲနဲ့နှင်းထုခရီး သွားလာရေးလုပ်ငန်းက အလုပ်အကိုင်နေရာ တိုးတက်ရရှိရေးမှာလည်း အဓိကကဏ္ဍအဖြစ်ပါဝင်လာတဲ့အပြင် ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထားလို့ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
အရင်ကဆိုရင် တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသဟာ ဆောင်းရာသီအတွင်းမှာ စံချိန်တင်အောင် အပူချိန်ကျဆင်းပြီး အေးမြလှတဲ့အတွက် ဒေသခံပြည်သူတွေဟာာ အများအားဖြင့် ဒီရာသီရောက်ရင် နေအိမ်တွေအတွင်းမှာသာ နေတတ်ကြပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ ရေခဲနဲ့နှင်းထုခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့အတူ ဟာဘင်မြို့ကို နှင်းထုနဲ့ ရေခဲရုပ်တုတွေအကြား လာရောက်သူတွေ တိုးတက်လာပါပြီ။
ဒါ့ကြောင့်လည်း တရုတ်နိုင်ငံမှာ ရေခဲနဲ့နှင်းထုခရီးသွားလာရေး လုပ်ငန်းဟာ ဆောင်းရာသီ စီးပွားရေးအဖြစ် ပြောင်းလဲတိုးတက်လာပြီလို့ ဆိုချင်ပါတယ်။
Ref- Xinhua
