၆. ၂. ၂၀၂၅
Translated by Thettant
ထိုင်း – မြန်မာနယ်စပ်ရှိ တရုတ်ကျားဖြန့်ဂိုဏ်းများကို နောက်ကွယ်က ကြိုးကိုင်သူဟုဆိုသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဘတ် ၁၅ သန်းကျော် တန်ဖိုးရှိ ဇိမ်ခံပစ္စည်းများနှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက် ည ၁၁ နာရီခန့်က ဘန်ကောက်မြို့၊ Chatuchak ခရိုင် Soi Phahonyothin 32 ရှိ Patio Ratchayothin အိမ်ရာတွင် ဖမ်းမိခဲ့ပြီဖြစ်သည်။

အွန်လိုင်းလိမ်လည်ခေါ်ဆိုမှု တရုတ်ကျားဖြန့်ဂိုဏ်းများကို ကြိုးကိုင်သူဟုဆိုသူ တရုတ်နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရဲတပ်ဖွဲ့က ထိုင်းဘတ်ငွေ ၁၅ ဒသမ ၃ သန်းဖိုး ဇိမ်ခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး အဆိုပါ ပစ္စည်းများတွင် ထိုင်းဘတ်နှင့် နိုင်ငံခြားငွေများ စုစုပေါင်း ဘတ် ၄၃၀၀၀၀ တန်ဖိုးရှိငွေသားများ၊ ဘတ် ၄ ဒသမ ၃ သန်းတန်ဖိုးရှိ ကမ္ဘာကျော် Branded အသုံးအဆောင်များ၊ ဘတ် ၁၁ သန်းခန့်တန်ကြေးရှိ Mercedes-Maybach S580e တစ်စီး၊ ကျားဖြန့်လိမ်လည်မှု အရေးကြီးသက်သေများစွာပါဝင်သော ဖုန်းငါးလုံးနှင့်အတူ ဖမ်းမိခဲ့ပြီး တရားခံနှစ်ဦးသည် အွန်လိုင်းမှ သားကောင်များကို ပစ်မှတ်ထား၍ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုနှင့် ငွေကြေးခဝါချမှု လုပ်ငန်းများနှင့် ဆက်စပ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုသည်။


မြန်မာကဲ့သို့ ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် ကျားဖြန့်ဂိုဏ်း ထူထောင်လုပ်ဆောင်သည်ဟု သံသယရှိသူ တရုတ်နိုင်ငံသားနှစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် Ye Wanyou နှင့် အသက် ၃၀ အရွယ် Li Weijje တို့ဖြစ်ပြီး ၎င်းတို့ကို ကြော်ငြာနှင့် ရောင်းဝယ်ဖောက်ကားသည့် အပ်ငွေစာရင်းများ၊ အီလက်ထရွန်နစ် အကောင့်များနှင့် တရားမဝင်လှုပ်ရှားမှုများအတွက် မှတ်ပုံတင်မထားသော မိုဘိုင်းလ်ဖုန်းနံပါတ်များဖြင့် ရာဇ၀တ်မှုများကို ကူညီဆောင်ရွက်ပေးသည်ဟု လတ်တလော စွဲဆို ဖမ်းဆီးထားသည်။
မြို့တော်ရဲဗျူရို၏ စုံစမ်းစစ်ဆေးရေးဌာနခွဲမှူး ရဲမှူးချုပ် Tuiradej Thammasutee ၏ ပြောကြားချက်အရ သံသယရှိသူများ၏ စမတ်ဖုန်းများမှ ထုတ်ယူထားသော အချက်အလက်များကို ၎င်းတို့သည် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်မှုသည် လိမ်လည်ခံရသူများ၏ တိုင်ကြားမှုများစွာ ရရှိပြီးနောက် Hua Mak ရဲစခန်းမှ ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရားခံနှစ်ဦးသည် ဘန်ကောက်တွင်ရှိနေကြောင်း အတည်ပြုနိုင်သဖြင့် ရာဇ၀တ်ခုံရုံးက ဖမ်းဝရမ်းထုတ်ပြီး မကြာမီ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
တရားခံနှစ်ဦးကို ဖမ်းဆီးစဥ် Li Weijje သည် ၎င်း၏ လက်ကိုင်ဖုန်းကို ကိုင်ဆောင်ကာ ဖမ်းဆီးမခံရရန် ငြင်းဆန်၍ ရဲအရာရှိများက အင်အားသုံးဖမ်းဆီးခဲ့ရသလို Ye Wanyou ကို ဖမ်းဆီးချိန်တွင်လည်း သက်သေခံပစ္စည်းများကို ဖျောက်ဖျက်ရန်နှင့် ဖုန်းကို Factory Reset ချရန် ကြိုးပမ်းကာ တံခါးဖွင့်ရန် ငြင်းဆန်ခဲ့သည့်အတွက် ဖုန်းသက်သေ Data ဖျက်ခြင်းအား တားဆီးနိုင်ရန် ရဲတပ်ဖွဲ့ဝင်များက အခန်းတွင်းသို့ အချိန်မီဝင်ရောက်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ တရားခံနှစ်ဦးသည် စွဲဆိုချက်များကို ငြင်းဆန်ထားသော်လည်း ထိုင်းရဲတပ်ဖွဲ့ကမူ ဖမ်းမိသူနှစ်ဦးစလုံးက ကျားဖြန့်ဂိုဏ်းများနှင့် ချိတ်ဆက်နေသည်ဟု အတည်ပြုဖမ်းဆီးထားသည်။
Ref, The Nation Thailand & Thai Enquirer
