
၆.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာတော့ ပရိသတ်က အကယ်ဒမီဆုအတွက် ထင်ကြေးပေးခံရတဲ့ မင်းသမီး မိုးဟေကိုက ရုပ်ရှင်ဇာတ်ကားနှစ်ကားနဲ့ဆန်ခါတင် ပါဝင်ခဲ့တာပါ။
သူမကတော့ အကယ်ဒမီနဲ့ အမြဲလွဲချော်နေခဲ့တဲ့ ဝါရင့်မင်းသမီးကြီးလို့ သတ်မှတ်ရမှလည်းဖြစ်ပါတယ်။ မင်းသမီး မိုးဟေကိုရဲ့ ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားကတော့ မိတင်စိန် ရုပ်ရှင်ဇာတ်ကား နဲ့ တခုတ်တရ ရုပ်ရှင်ဇာတ်ကားကြီးတို့ပဲဖြစ်ပါတယ်။
သူမက မိတင်စိန် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ၁၉၆၀ ကျော်ဝန်းကျင်ခေတ်ကာလနဲ့ နောက်ခေတ်ပေါင်းစပ်ထားတဲ့ ဇာတ်ကားကြီးမှာ နှစ်ဘဝလုံးဇာတ်ရုပ်နဲ့ ပါဝင်ထားသူပါ။ ဒီဇာတ်ကားက ကိုယ်ချစ်မိသူအပေါ် အချစ်အမုန်းအာဃာတတရားတွေ အငြိုးအတေးတွေနဲ့ ပြည့်နက်နေတဲ့ ကောင်မလေးကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် တခုတ်တရ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နှစ်ဦးသားဘဝတစ်ခုကို အကောင်းဆုံးပိုင်ဆိုင်နိုင်ဖို့ ကြိုးစား ဖန်တီးချိန်မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ အမျိုးသားက ကောင်မလေးတစ်ယောက် ဖောက်ပြန်တာကို သိပြီးနောက်မှာ စွန့်လွှတ်ချစ်နဲ့ ပေးဆပ်သူတစ်ယောက်အနေနဲ့ ကာရိုက်တာကို အသက်ဝင်လာအောင်ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။
“မိုး အနေနဲ့ ဒီကားမှာ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ဒီကားမှာ ဆံပင်ညှပ်လိုက်တော့ မထင်မှတ်တဲ့ အကြောင်းအရာလေးတွေ ဖြစ်ခဲ့တာလေးတွေရှိတယ်ပေါ့နော်။ မိုးရဲ့ စိတ်က မလုပ်ရင်တော့ မလုပ်ဘူး။ လုပ်ရင်တော့လည်း အပီပြင်ချင်ဆုံးဖြစ်ချင်တဲ့စိတ်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး ကိုယ့်မြတ်နိုးတဲ့ဆံပင်ကိုလည်း စွန့်လွှတ်ခဲ့တာပါ”လို့ သရုပ်ဆောင် မိုးဟေကိုက ဇာတ်ကားမိတ်ဆက်ချိန်မှာ ပြောခဲ့ပါတယ်။
ဒါရိုက်တာဝိုင်း(Own Creator) က မိတင်စိန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တခုတ်တရ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မင်းသမီး မိုးဟေကိုရဲ့ သရုပ်ဆောင်မှုတွေကို အကောင်းဆုံး ရုပ်လုံးကြွအောင် အသက်သွင်းခဲ့သူဆိုလည်း မမှားပါဘူး။
မင်းသမီး မိုးဟေကိုကတော့ မိတင်စိန်နဲ့ တခုတ်တရ ရုပ်ရှင်ဇာတ်ကား ၂ ကားမှာ ဘယ်ဇာတ်ကားနဲ့ အကယ်ဒမီ ဆုကြီးနဲ့ ထိုက်တန်မလဲဆိုတာ ပရိသတ်တွေက MT Entertainment တစ်ဆင့် အဖြေရှာရအောင်လား …..။